ယခုမူကား ဘုရားသခင်သည် နား ထောင်၍ ငါမြွက်ဆိုသော ပဌနာ စကားသံကို မှတ်တော်မူပြီ။(ဆာ-၆၆း၁၉)
၁၉၆၃ ခုနှစ်၊ ဆရာကြီး စီ အက်စ် လူးဝစ် ကွယ်လွန်ပြီး တစ်ပတ်အကြာတွင် သူ၏ လုပ်ဖော်ဆောင်ဖက်များနှင့် မိတ်ဆွေများသည် အင်္ဂလန်ပြည်၊ အောက်စ်ဖို့ဒေသရှိ မဂ္ဂဒလင်း ကောလိပ် ဝတ်ပြုဆောင်၌ စုရုံးကာ ကလေးများ သာမက ပညာရှင်များ၏ ယုံကြည်ခြင်းစိတ်ကို စာပေအားဖြင့် လှုံဆော်ခဲ့သူကြီးကို ဂုဏ်ပြုသည်။ ထိုအောက်မေ့ဖွယ်ဝတ်၌ သူ့မိတ်ဆွေရင်းချာ အော့စတင်း ဖာရာ က လူးဝစ်သည် ကမ္ဘာတစ်ဝှမ်း သူ့ပရိသတ် စာဖတ်သူများ သူ့ထံစာရေးလာလျှင် သူက စာတစ်စောင်ချင်းစီကို သူ့လက်ရေးဖြင့် အမြဲစာပြန်လေ့ရှိကြောင်း “လူတွေအားလုံးအပေါ် သာမန်ထားရှိတဲ့ စာနာခြင်း၊ လေးစားခြင်း စိတ်ထားက သူရဲ့ထူးခြားတဲ့ စိတ်ထားပဲဖြစ်တယ်။ ကိုယ့်စကားကို ဂရုစိုက်ပေးတယ်ဆိုတဲ့ ကျေနပ်မှုကို ခံစားရစေပါတယ်” ဟုဆိုခဲ့သည်။ ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့ပြောသမျှကို အရေးယူဂရုစိုက်ပေးသည့် ဘုရားသခင်၏သဘောတော်ကို အထက်ပါအတိုင်း ဆရာကြီးက ထင်ဟပ်ဖော်ပြခဲ့သည်။ အလွန်ခက်ခဲဒုက္ခရောက်ချိန်တွင် ဆာလံ ၆၆ ရေးသူက ထာဝရဘုရားကို ဟစ်ခေါ်ခဲ့သည် (း၁၀-၁၄)။ ထို့နောက် ကိုယ်တော်၏မစမှုအတွက် “ယခုမူကား ဘုရားသခင်သည် နားထောင်၍ ငါမြွက်ဆိုသော ပဌနာစကားသံကို မှတ်တော်မူပြီ” (း၁၉) ဟု ဘုရားရှင်ကို ချီးမွမ်းခဲ့သည်။ ကျွန်ုပ်တို့ဆုတောင်းသောအခါ ဘုရားရှင်သည် ကြားတော်မူပြီး ကျွန်ုပ်တို့၏ နှလုံးသားဆန္ဒကိုသိသည်။ “ငါမြွက်ဆိုသောပဌနာကို ပယ်တော်မမူ၊ ကျေးဇူးတော်ကို ငါမှရုပ်သိမ်းတော်မမူသော ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း”(း၂၀)ဟု ကျွန်ုပ်တို့လည်း ဆာလံဆရာနည်းတူ ဆိုနိုင်သည်။ ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် သာ၍ ရင်းနှီးကျွမ်းဝင်စေသည့် အမှုဖြစ်လာသည်။ အလိုအပ်ဆုံးအချိန်အပါအဝင် အချိန်တိုင်းတွင် ကိုယ်တော်သည် ကျွန်ုပ်တို့၏စကား(ဆုတောင်း)ကို အရေးယူဂရုပြု ဖြည့်ဆည်းပေးပါ၏။ — David McCasland

No comments:
Post a Comment