ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

December 9, 2014

CHRISTMAS ခရစ်စမတ်ဆိုတာ..??

ခရစ်စမတ်ဆိုတာ..??
ဒီမေးခွန်းကို အားလုံးက ခရစ်ယာန်ဘုရားမွေးနေ့ပွဲလို့ ဆိုကြမှာပဲ။ ဒါပေမယ့် ယေရှုခရစ်တော် မွေးဖွားလာတာ ခရစ်ယာန်အတွက်သာ မဟုတ်ဘဲ လောကမှာရှိတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး ၊ ပညာရှိ၊ ပညာမဲ့မရွေး၊ လူသားတိုင်းအတွက် ဖြစ်တယ်။ ခရစ်စမတ်နေ့ ဖြစ်လာရခြင်းအကြောင်းမှာ အရာခပ်သိမ်းကို ဖန်ဆင်းသော ဘုရားသခင်က မိမိဖန်ဆင်းထားသော လူသားများ အပြစ်သံသရာဝဲဂယက်မှာ နှစ်မြုပ်နေသည်ကို မကြည့်ရက်၍ သားတော် ယေရှုအမည်ဖြင့် လောကကြီးသို့ ကြွဆင်းလာကာ လူ့ဇာတိ ခံယူခဲ့သည့် ၀မ်းမြောက်စရာ ဘုရားသခင်၏ မွေးနေ့ရက်မြတ် ဖြစ်တယ်။ ခရစ်စမတ်ပွဲတော်ကို ကမ္ဘာနှင့်အ၀ှမ်းကျင်းပလေ့ရှိတယ်။ဒါပေမဲ့ ခရစ်စမတ်ရဲ့ အနှစ်သာရ အဓိပ္ပာယ်ကို မသိကြသူတို့နဲ့ အနောက်တိုင်း ယဉ်ကျေးမှု ဖုံးလွှမ်းလာမှုကြောင့် ယနေ့ ခရစ်စမတ်ပွဲ တစ်ချို့ဟာ ယမကာဖုံးလွှမ်းတဲ့ပါတီပွဲများ ဖြစ်နေကြတယ်။ အမှန်စင်စစ်ယေရှုခရစ်ဟာ အနောက်တိုင်းမှာ မွေးဖွားခြင်းကို ခံယူခဲ့ခြင်းမဟုတ်ပါ။ အရှေ့အလယ် ပိုင်းခေါ် ကမ္ဘာ၏ အနောက်ပိုင်းနှင့် အရှေ့ပိုင်းတို့ ထိစပ်သည့် အစ္စရေးနိုင်ငံတည်ရာ ပါလက်စတိုင်း ဒေသတွင် မွေးဖွားခြင်းကို ခံယူခဲ့ခြင်းဖြစ်သည်။ ဖန်ဆင်းရှင်ဘုရားသခင်က ကမ္ဘာလောကအတွက် ယေရှုခရစ် ကို လက်ဆောင်အဖြစ် ပေးခဲ့တဲ့ပွဲဖြစ်တဲ့ ခရစ်စမတ်ဟာ Night club အရက်သောက်ပွဲ လုံး လုံးမဟုတ်ပါ။ မိမိတို့အပြစ်များကြောင့် အနာဂါတ်မျှော်လင့်ချက်မဲ့၍ ၀မ်းနည်းကြသော လောကသား များကို အပြစ်မှကယ်တင်ခဲ့တဲ့ ဘုရားရှင်ရဲ့ မွေးနေ့တော်ပွဲကို ဘယ်သူတွေက အရက်သောက်ပွဲနဲ့ ကြိုဆို ချင်ကြမလဲ။
ခရစ်စမတ်အနှစ်သာရ၊အဓိပ္ပါယ်
 ကောင်းသောအကျင့်ကိုသိလျက် မကျင့်ပဲ နေသောသူသည် အပြစ်ရှိ၏။ လူတွေဟာ အများ အားဖြင့် ကိုယ့် ကိုယ်ကိုအပြစ်ရှိမှန်း အပြစ်သားမှန်း မသိကြဘူး။ဒါပေမဲ့ လူတိုင်း အပြစ် ကျူးလွန်ကြတယ်။ အပြစ်ရှိသူတိုင်း ခံရမယ့်အခဟာ သေခြင်းဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ လူသားတိုင်း သေနေကြတယ်။ သေပြီးရင် မပြီးသေးဘူး၊ ငရဲမှာ ပြစ်ဒဏ် ထာဝရခံဦးမယ်။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ လူသားတိုင်းကို ချစ်ရုံတင်မက သနားတယ်။ ဘယ်သူမှပျက်စီးခြင်း ငရဲထဲရောက်ဖို့ အလိုတော်မရှိဘူး။ ဒါကြောင့်လည်း အပြစ်၌ နစ်မွန်းလျက်ရှိသော ကျွန်ုပ်တို့ကို ကယ်တင်ဖို့ ဘုရားသခင်၏ သားတော်အဖြစ် လူ့ဇာတိခံယူခြင်းဖြင့် ခရစ်စမတ်ဆိုတာ ဖြစ်ပေါ် လာခဲ့ရခြင်း ဖြစ်တယ်။
မင်္ဂလာရက်မြတ်ခရစ်စမတ် 
သခင်ယေရှုဟာ ဘုရားစင်စစ်ကနေ လူ့ဘ၀ကိုခံယူပြီး လောက သားတွေဆီ ကြွဆင်းလာခြင်းဖြင့် ဘုရား သခင်ရဲ့မေတ္တာ၊ ကရုဏာ၊ ကောင်းမြတ်တော်မူခြင်းကို ထင်ရှားစေခဲ့တယ်။ လူသားတွေဆီ ဘုရားသခင်ကြွ လာပြီး လူသားတွေခံရမယ့် အပြစ်ဒဏ်အတွက်ကားတိုင်မှာ အသေခံပေးချေဖို့ ဖြစ်တယ်။သခင်ယေရှုဟာ ကျွန်ုပ်တို့ခံရမည့် အပြစ်၏ အခသေခြင်းကို လက်ဝါးကပ်တိုင်မှာ အသေခံပြီးပေးချေခဲ့တယ်။ (၃)ရက် မြောက် သောနေ့မှာ သေခြင်းတရားကိုအောင်နိုင်ပြီး ရှင်ပြန် ထမြောက်ခဲ့တယ်။ ယနေ့အသက်ရှင်လျက် ရှိတယ်။ တကယ်လို့သာ သခင်ယေရှုဟာ သေခြင်း တရားကို မအောင်မြင်ခဲ့ဘူးဆိုရင် ခရစ်စမတ်ဆိုတာ ကမ္ဘာ့ပြက္ခဒိန်မှာ ပါစရာမရှိဘူး ။ ခရစ်စမတ်ပွဲလည်း ကျင်းပဖို့ အကြောင်းမရှိဘူး။ ဘာကြောင့်လည်းဆိုရင် သေသွားတဲ့ သူများအတွက် ဘယ်သူမှ မွေးနေ့ပွဲကျင်းပရိုး မရှိဘူး။ ခရစ်စမတ်ဆိုတာ မွေးနေ့ပွဲတော်ပါ။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို သံသရာဝဋ်ဆင်းရဲနဲ့ အပါယ်ငရဲမှ လွတ်မြောက်ခွင့်ပေးသော နေ့ဟာ ခရစ်စ မတ်နေ့ ဖြစ်တယ်။ ဒါကြောင့် ခရစ်စမတ်ဟာ မင်္ဂလာရက်မြတ်ဖြစ်တယ်။ မိတ်ဆွေအတွက် အလိုအပ်ဆုံး အရာကို ဘုရားသခင် ပေးသနားခဲ့ပြီ။ သခင်ယေရှု ကြွလာ ခဲ့ရခြင်းဟာ မိတ်ဆွေအတွက်ဖြစ်ပြီး လက်ဝါး ကပ်တိုင်မှာ အသေခံရခြင်း ဟာလည်း မိတ်ဆွေရဲ့ အပြစ်အတွက် ဖြစ်တယ်။ သခင်ယေရှုရဲ့ အသေခံပေး ဆပ် ခြင်းဟာ မိတ်ဆွေအတွက်ဆိုတာ ယုံကြည်စိတ်ချတယ်ဆိုရင် ဒီခရစ်စမတ်ဟာ မိတ်ဆွေအတွက် ဖြစ် တယ်။ ဘယ်သူမဆို ယေရှုခရစ်ဟာ မိမိရဲ့အပြစ်ကြွေးအတွက် အသေခံပေးဆပ်ပြီးကြောင်း ယုံကြည် လက်ခံရင် ဘုရားသခင်ပေး တဲ့ ခရစ်စမတ်လက်ဆောင် အပြစ်လွှတ်ခြင်းကျေးဇူးကို ခံစားရမယ်။ အပြစ် အမှောင်ထဲမှာ မျှော်လင့်ရာမဲ့နေတဲ့ ကျွန်ုပ်တို့လူသားတွေအတွက် မျှော်လင့်ခြင်းနဲ့ ငြိမ်သက် ပျော်ရွှင်ခြင်း ခံစားရဖို့ ခရစ်စမတ်ဖြစ်လာတယ်။ ယေရှုဘုရားကို မိတ်ဆွေရဲ့ စိတ်နှလုံးထဲမှာ လက်ခံယုံကြည်လျှင် ခရစ်စမတ်ဟာ မိတ်ဆွေရဲ့ အသက်တာမှာ အဓိပ္ပါယ်ရှိလာမယ်။ မိတ်ဆွေရဲ့ ယခုဘ၀၊ နောင်ဘ၀အတွက် လုံခြုံစိတ်ချမှု ရလိမ့်မယ်။ ဒီနေ့ခရစ်စမတ် ဟာ မိတ်ဆွေအတွက် မင်္ဂလာရက်မြတ် ဖြစ်လာမယ်။ မွေးနေ့ရှင် ယေရှုဘုရားထံ ဒီလိုဆုတောင်းပါ။ "အရှင်ယေရှုဘုရား အကျွန်ုပ်ဟာ အပြစ်သားဖြစ်ပါတယ်။အကျွန်ုပ်အပြစ်အတွက် လောက ကိုကြွလာပြီး အသေခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အကျွန်ုပ်အသက်တာကို အုပ်စိုး တော်မူပါ ဘုရား-အာမင်။ "

No comments:

Post a Comment