မှောင်မိုက်ထဲမှာ သွားလာသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍ သေမင်း၏နိုင်ငံ အရိပ် တွင်ရှိနေသောသူတို့၌ အလင်း ပေါ်ထွန်းလျက်ရှိ၏။ ဟေရှာ ၉း၂
အနုပညာဆိုင်ရာ သမိုင်းပညာရှင် စေးမော စေ့ဗ် က ဒတ်ခ်ျလူမျိုး ပန်းချီဆရာကြီး ရမ်းဘရန့် (၁၆၀၆-၁၆၆၉)ကို ပန်းချီပညာနှင့် ပတ်သက်လျှင် အလင်းအမှောင်ကို ကျွမ်းကျင်သူ ဆရာကြီး၊ ဆွဲဆောင်ညှို့ယူနိုင်စွမ်းသည့် ဇာတ်လမ်း ဇာတ်ကြောင်းကို ပန်းချီပိတ်ကားထက်ဖော်ကျူး နိုင်သူအဖြစ် တင်စားသည်။ “The Adoration of the Shepherds” ဆိုသော ပန်းချီကားတွင် သိုးထိန်းနှစ်ဦးက နွားစားခွက်အနီး ဒူးထောက်နေပြီး ကျန်အခြားသူများက ခပ်လှမ်းလှမ်းမှရပ်နေကြ သည့် မှောင်ရိပ်လွှမ်းနေသော ဗက်လင်တင်းကုပ် ပုံကို ရေးဆွဲတင်ပြထားသည်။ လူတစ်ဦးမှာ မီးအိမ် ကိုင်ထားသော်လည်း အတောက်ပဆုံးအလင်းက သူ့မီးအိမ်မှ မဟုတ်ဘဲ သူငယ်တော် ခရစ်တော် ထံမှဖြစ်ပြီး၊ သူငယ်တော်အနီး စုရုံးရောက်ရှိနေသူတို့ အပေါ် အလင်းဖြာထွန်းလင်းနေသည်။
သခင်ယေရှု မဖွားမြင်မီ နှစ်ပေါင်းခုနစ်ရာခန့်တွင် ပရောဖက်ဟေရှာယက အလင်းနှင့်အမှောင်ကို ပုံဆောင်ပြီး ဣသရေလလူတို့အတွက် ကယ်တင်ရှင် ဆင်းသက် ကြွလာမည့်အကြောင်း ကြိုတင်ဟောကြားထားခဲ့သည်။ “မှောင်မိုက်ထဲမှာ သွားလာသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍ သေမင်း၏နိုင်ငံအရိပ်တွင်ရှိနေသော သူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။ … ငါတို့အဘို့ သူငယ်ကို ဘွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏” (ဟေရှာ ၉း၂-၆)။
ရမ်းဘရန့်၏ပန်းချီကားကို ကြည့်ရှုခံစားရင်း အမျိုးမျိုးတွေးကြမည်။ မတူညီသော ဇာတ်လမ်းကို လူတို့မြင်ကောင်းမြင်မည်။ သို့သော် ကျွန်ုပ်တို့အယောက်စီတိုင်း သည် ထိုတင်းကုပ်၌ ရှိနေသူများကို ကိုယ်စားပြုနေသည်။ ကျွန်ုပ်တို့သည် ဒူးထောက် ပျပ်ဝပ် ကိုးကွယ်နေပါသလား၊ တုံ့ဆိုင်းပြီး အနောက်နားဆုတ်ကာ ရပ်နေပါသလား၊ (သို့) ကျွန်ုပ်တို့၏ အမိုက်မှောင်ကို ထိုးဖောက်ထွန်းလင်းသည့် အလင်းမှ ပုန်းရှောင်နေပါသလား။
မှောင်မိုက်တန်ခိုး၏ အရိပ်အောက်မှ ထွက်လိုက်ရန်၊ ခရစ်တော်၏အလင်းတော် ကို ကျွန်ုပ်တို့၏နှလုံးတွင်း ထွန်းလင်းခွင့်ပေးလိုက်ရန် ခရစ်စမတ်က ကျွန်ုပ်တို့ကို ဖိတ်ခေါ် နေပါသည်။
No comments:
Post a Comment