ဘိုးဘေးတို့ကဲ့သို့ ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏ ဧည့်သည် အဖြစ်နှင့် ခဏမျှသာနေရပါ၏။ (ဆာ ၃၉း၁၂)။ ကျွန်တော် ကျမ်းစာကျောင်းဆင်းဘွဲ့ယူစဉ်က ဓာတ်ပုံကို မကြာမီက ပြန်ကြည့်ရင်း ကျွန်တော့် မိတ်ဆွေတော်တော်များများ ကွယ်လွန်ကုန်ပြီဟု သတိပြုမိသည်။ ဘဝဟူသည် တိုတောင်းစွဟု ဝမ်းနည်းဖွယ် သတိပေးချက်ပင်။ အသက် ၆၀-၇၀ ဆိုလျှင် မနှေးအမြန် အိမ်တော်ပြန်ကြပြီ (ဆာ ၉၀း၁၀)။ ကျွန်ုပ်တို့သည် ဧည့်သည်အာဂန္တုများ ဖြစ်ကြောင်း ဣသရေလစာဆို၏ စကားက မှန် ပေစွ (ဆာ ၃၉း၁၂)။
တိုတောင်းသောဘဝက မိမိ၏ အသက်အပိုင်းအခြားနှင့် မြန်ဆန်စွာကုန်လွန် သည့် “ဘဝနိဂုံး” ကို ဆင်ခြင်မိစေသည် (း၎)။ ဘဝအသက်တာကုန်ဆုံးမည့်အချိန် နီးလာလေ ထိုခံစားချက်က ပိုသေချာလာလေပင်။ ဤလောကသည် ကျွန်ုပ်တို့၏ “အိမ်” မဟုတ်၊ ကျွန်ုပ်တို့သည် ဤလောက၌ သူစိမ်းတစ်ရံဆံ၊ အာဂန္တုဧည့်သည်သာဖြစ်သည်။
သို့သော် လောကခရီးသွားရာ၌ ကျွန်ုပ်တို့တစ်ဦးတည်းမဟုတ်ပါ။ ကျွန်ုပ်တို့ သည် ကိုယ်တော်ရှင်၏ဧည့်သည်ဖြစ်ကြောင်းအတွေးက (၃၉း၁၂)၊ ခရီးတစ်လျှောက် ကြုံ ရမည့် ဒုက္ခသုက္ခ၊ ခြိမ်းခြောက်မှု၊ ပူပန်စရာများကို လျော့ပါးသွားစေသည်။ ကျွန်ုပ်တို့၏ ထာဝရအဖော်နှင့်လမ်းပြအဖြစ် ချစ်သောအဖဘုရားကို ကိုင်စွဲပြီး၊ ဤလောကခရီးကို ကျော်ဖြတ်ကာ နောင်တမလွန်သို့ ဝင်စားကြသည် (၇၃း၂၃-၂၄)။ ကျွန်ုပ်တို့သည် ဤလောက၌ ဧည့်သည်အာဂန္တုဖြစ်သော်လည်း အထီးကျန် တစ်ဦးတည်းမဟုတ်ပါ (မ ၂၈း၂၀)။
မိဘ၊ အိမ်ထောင်ဖက်၊ မိတ်ဆွေများကို မျက်ခြေပြတ်၊ မမြင်နိုင်ဖြစ်တတ် သော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူလျှောက်လှမ်းနေကြောင်း အစဉ်သိမှတ် နိုင်သည်။ ရှေးစကားဆိုရိုးတစ်ခုက ဤသို့ဆိုထားသည်။ “လမ်းပေါ်မှအဖော်ကောင်းက ခရီးကို ပိုမိုပေါ့ပါးစေ၏။” — David Roper
No comments:
Post a Comment