ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

June 20, 2017

(စက္ကရာမင်းတူး၌ ခရစ်တော် မည်သို့ ကိန်းအောင်းတော်မူသနည်း)

(အောက်ပါအကြောင်းအရာများသည် နက်နဲသော အရာများဖြစ် သကဲ့သို့ စဉ်းစားတွေးခေါ် ရမည့်အရာ များဖြစ်သောကြောင့် လေးလေး 
နက်နက် သေသေချာချာ ထောက်ရှု စဉ်းစားရင်းဖြင့် ဖတ်စေ ချင်ပါ တယ်) 

 မစ္ဆားတရားတော်မြတ်၌ မုန့်နှင့် စပျစ်ရည်မှ ခရစ်တော်၏ အသားတော်နှင့် အသွေးတော် အဖြစ်သို့ မည်သို့မည်ပုံ ပြောင်းလဲ သွားသည် (သို့) ကိုယ်တော်မြတ် စက္ကရာမင်းတူး၌ ခရစ်တော်သခင် မည်သို့ 
ကိန်းအောင်း တော်မူသည် ဟူသော အကြောင်းအရာနှင့် စပ်လျဉ်း၍ အလယ်ရာစုနှစ်တွင် အသင်းတော်မှာ ထင်ပေါ်ကျော်ကြား 
ခဲ့သော အတွေးအခေါ်ပညာရှင်နှင့် ဓမ္မပညာရှင်ပါရဂူကြီး 
St. Thomas Aquinas၊ ပရိုတက်စတန် ပြုပြင်ရေး ရှေ့ဦးဆောင်အစပြုခဲ့ကြသော Martin Luther, Ulrich Zwingli နှင့် 
John Calvin တို့က အောက်ပါ အတိုင်း သွန်သင်ခဲ့ကြသည်။ 

 ၁။ Transubstantiation (St. Thomas Aquinas ၏ သွန်သင်ချက်) 
St. Thomas Aquinas သည် မစ္ဆားတရားတော်မြတ်၌ သာမန် မုန့်နှင့် စပျစ်ရည်မှ ခရစ်တော်၏ ခန္ဓာတော် (အသားတော်) နှင့် အသွေးတော် အဖြစ်သို့ ပြောင်းလဲသွားပုံကို ရှင်းပြရာတွင် ဂရိအတွေးအခေါ် ပညာရှင် Aristotle ၏ ဒဿနိကဗေဒ အတွေးအခေါ် (Philosophy) ကို အခြေခံခဲ့သည်။ ထို့ကြောင့် St. Thomas Aquinas ၏ ရှင်းလင်း 
ချက်ကို နားလည်နိုင်ရန် သူအဓိက အသုံးပြုခဲ့သော Aristotle ၏ အတွေး အခေါ်ဆိုင်ရာ စကားလုံးများကို ရှေးဦးစွာ နားလည်ရန် လို အပ်ပေသည်။ Aristotle ၏ ဒဿနိကဗေဒအရ အရာဝတ္ထု (မျက်စိဖြင့် မြင်နိုင်သော) 
တိုင်း၌ ၄င်းအရာဝတ္ထု၏ အဓိကကျသော ဇာတိ ပကတိအဖြစ် 
(Substance၊ ဥပမာ - လူ၊ ဆင်၊ စားပွဲ စသည်ဖြင့်) နှင့် ၄င်းအရာဝတ္ထုအပေါ်၌ တည်ရှိဖြစ်ပေါ်နေသော အရာများ 
(Accident၊ ဥပမာ - အရောင်အဆင်း၊ အရည်အသွေး၊ 
ရုပ်ရည်အသွင်အပြင် စသည်ဖြင့်) တို့ဖြင့် ဖွဲ့စည်းထားလေ့ရှိသည်။

 ထို့ကြောင့် မောင်ဖြူ၏ ဇာတိ (လူဖြစ်ခြင်း) သည် Substance ဖြစ်ပြီး သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ စိတ်နေစိတ်ထား၊ ငယ်ရွယ်နိုပျိုခြင်း (သို့) အိုမင်းခြင်း၊ အသား အရောင် စသည့်အရာတို့ကို Accident ဟုခေါ်သည်။ ဤသို့ဖြင့် အရာဝတ္ထုတစ်ခု၏ ဇာတိပကတိ အဖြစ်ပြောင်းလဲခြင်း (Substantial change) ဆိုရာတွင် ၄င်းအရာ ၀တ္ထုသည် မိမိမူလဇာတိအဖြစ်မှ အခြားအရာဝတ္ထုတစ်ခု၏ ဇာတိ ပကတိအဖြစ်သို့ ပြောင်းလဲ
သွား ခြင်းကို ဆိုလိုသည်။ ဥပမာ - သဲနှင့် ဘိလပ်မြေမှ တိုက်(အဆောက်အဦး) အဖြစ် ပြောင်းလဲခြင်းမျိုးကို ဆိုလိုသည်။ 

ဤသို့ အရာဝတ္ထုတစ်ခုမှ အခြားအရာဝတ္ထုတစ်ခုသို့ ဇာတိအဖြစ် ပြောင်းလဲသွားရာ၌ ပထမအရာဝတ္ထု၏ မူလဇာတိအသွင် (Substantial form) ပြောင်းလဲသွားသော်လည်း ၄င်းဝတ္ထု၏ မူလဒြပ်ထု (Prime matter) သည် ဒုတိယအရာဝတ္ထုတွင် ဆက်လက် တည်ရှိနေသည်။ ဥပမာ - သဲနှင့် ဘိလပ်မြေမှ တိုက် (အဆောက်အဦး) အဖြစ် ပြောင်းလဲလာသောအခါ ၄င်းတိုက် (အဆောက်အဦး) တွင် သဲနှင့် ဘိလပ်မြေတို့၏ ဒြပ်ထုသည် ဆက်လက်၍ တည်ရှိနေသည်။ ထိုနည်းတူ ၄င်းအရာဝတ္ထု၏ ပြင်ပရုပ် အဆင်းသဏ္ဍာန်၊ ကိုယ်အင်္ဂါ ရပ်များနှင့် အရည်အသွေး စသည့် ပြောင်းလဲခြင်း (Accidental change) တွင်မူကား ဇာတိအဖြစ် ပြောင်းလဲသွားခြင်း မရှိဘဲ အချိန်ကာလ (သို့) အခြေအနေတစ်ခုခုအပေါ်မူတည်ပြီး
 ပြောင်းလဲ သွားခြင်းမျိုးကို ဆိုလိုသည်။ ဆိုကြပါစို့။ 

ကလေးတစ်ဦး ငယ်ဘ၀မှ လူကြီးဖြစ်လာသောအခါ ဇာတိ (လူအဖြစ်) ပြောင်းလဲခြင်း မရှိပေ။ အထက်ပါ ပြောင်းလဲခြင်း သီအိုရီအရ ပြောင်းလဲခြင်းဖြစ်ပေါ်တိုင်း အရာဝတ္ထုတစ်ခုတွင် ပြောင်းလဲသော အရာနှင့် ပြောင်းလဲ ခြင်းမရှိဘဲ ဆက်လက် တည်ရှိနေသောအရာ ဟူ၍ နှစ်မျိုးတည်ရှိစမြဲဖြစ်သည်။ St.Thomas Aquinas သည် ဤဒဿနိက အတွေး အခေါ်ဆိုင်ရာ ပြောင်းလဲခြင်း သီအိုရီကို အခြေခံ လျက် သာမန် မုန့်နှင့် စပျစ်ရည်မှ ခရစ်တော်၏ အသားတော်နှင့် အသွေးတော်အဖြစ် အမှန်တကယ် ပြောင်းလဲပုံ ကို ထုတ်ဖော်ရှင်းပြခဲ့သည်။ 
St. Thomas Aquinas သည် ကိုယ်တော်မြတ်ပြောင်းလဲခြင်း (Transubstantia - tion) နှင့် စပ်လျဉ်း၍ ရှင်းပြရာတွင် မစ္ဆားတရားတော်မြတ်၌ ရဟန်းတော်က ခရစ်တော်၏ 
မင်္ဂလာစကားတော်ကို ရွတ်ဆိုသောအခါ မုန့်နှင့် စပျစ်ရည်သည် ခရစ်တော်၏ ခန္ဓာတော် (အသားတော်) နှင့် အသွေးတော်အဖြစ်သို့ အမှန်စင်စစ် ပြောင်းလဲသွားသည်ဟု ဆိုခဲ့ သည်။ မုန့်နှင့်စပျစ်ရည်တို့သည် မိမိတို့ ဇာတိပကတိအဖြစ် လုံးဝ ပျောက်ကွယ်သွားပြီး ခရစ်တော်၏ ခန္ဓာတော် (Substance of Christ’s Body) နှင့် အသွေးတော် 
(Substance of Christ’s Blood) အဖြစ်သို့ ဇာတိအသွင်ရော ဒြပ်ထုပါ (Both Matter and Form) စင်စစ် ဧကန် ပြောင်းလဲ သွားသည်။ 

သို့ရာတွင် မုန့်နှင့် စပျစ်ရည်၏ အဆင်းသဏ္ဍာန်၊ အနံ့အရသာ၊ အရွယ်အစားစသည့် (Accident of bread and wine) မှာမူ ပြောင်းလဲခြင်း မရှိပေ။ သို့ဖြစ်၍ ခရစ်တော်သည် ကိုယ်တော်မြတ် စက္ကရာမင်တူးတွင် မိမိ ခန္ဓာတော် (အသားတော်) နှင့် အသွေးတော် ရုပ်ပုံသဏ္ဍာန်အားဖြင့် ကိန်းအောင်းတော်မူခြင်း မဟုတ်ဘဲ မုန့်နှင့် စပျစ်ရည် အဆင်းသဏ္ဍာန်အောက်၌ တည်ရှိတော် မူခြင်းဖြစ်သည်။ 

ဤသို့ဆိုရာတွင် ကိုယ်တော်မြတ် စက္ကရာမင် တူး (အသွေးတော်နှင့် အသားတော်)တွင် ခရစ်တော်၏ ဇာတိ အဖြစ်တော်သာ တည်ရှိပြီး သူ (ခရစ်တော်) ၏ (Substace of Christ’s Body) နှင့် ၄င်း ခန္ဓာတော်ပေါ်၌ ဖွဲ့စည်းထားသော ကိုယ်အင်္ဂါရပ်များ၊ ရုပ်အဆင်း သဏ္ဍာန်စသည့် သူ၏ဇာတိ (လူအဖြစ်) နှင့် ဆက်နွယ် နေသော အရာအားလုံး 
 (Accident of Christ) တို့ ခွဲခြား၍ မရနိုင်ချေ။ 

အချုပ်အားဖြင့် ဆိုရသော် “ဤသည်ကား ငါ၏ ခန္ဓာကိုယ်ဖြစ်၏” (၁ ကော် ၁၁း၂၄၊ မာတေး ၂၆း၂၆)၊ “ဤသည်ကား ငါ၏ အသွေးဖြစ်၏” ( ၁ ကော် ၁၁း၂၅၊ မာတေး ၂၆း၂၈) ဟူသော ခရစ်တော်၏ မင်္ဂလာစကား တော်မြတ်ကို ရဟန်းတော်သည် ရွတ်ဆိုသောအခါ မုန့် (Substance of Bread) သည် ခရစ်တော်၏ ခန္ဓာတော် (အသားတော် - Substance of Christ’s Body) အဖြစ်သို့ လည်းကောင်း၊ စပျစ်ရည် (substance of wine) သည် ခရစ်တော်၏ အသွေးတော် (Substance of Christ’s Blood) အဖြစ်သို့ လည်းကောင်း ပြောင်းလဲသွား သည်။ 

ဤသို့ မုန့်နှင့်စပျစ်ရည် အဆင်းသဏ္ဍာန်အောက်၌ ဖြစ်ပေါ်နေသောကြောင့် မုန့်နှင့် စပျစ်ရည်၏ ဖွဲ့စည်း ထားပုံ၊ အရောင် အဆင်း၊ အနံ့အရသာ စသည့် Accident ပြောင်းလဲသွားခြင်း မရှိပေ။ သို့ရာတွင် မုန့်နှင့် စပျစ်ရည်၏ ဇာတိ (မုန့်အဖြစ်၊ စပျစ်ရည်အဖြစ်) သည် လုံးဝ ပျောက်ကွယ်သွားပြီး ခရစ်တော်၏ အသားတော်နှင့် အသွေးတော်အဖြစ်သို့ ဧကန်စင်စစ် ပြောင်းလဲသွားသည်။ ဤသို့ မုန့်နှင့် စပျစ်ရည်မှ ကိုယ်တော်မြတ် (ခရစ် တော်၏ အသွေးတော်နှင့် အသားတော်) အဖြစ် ပြောင်းလဲခြင်း သီအိုရီကို သာမန် ဇာတိပြောင်း လဲခြင်းထက် သာလွန်ထူးကဲသော (သို့) နက်နဲဖွယ်သော ဇာတိ အဖြစ်ပြောင်းလဲခြင်း (Transubstantiation) ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

 ၂။ Consubstantiation (Martin Luther ၏ သွန်သင်ချက်) ဂိုဏ်းကွဲခရစ်ယာန်ညီအစ်ကိုအသင်းတော်များ၏ ပထမရှေ့ပြေး ဖခင်ဖြစ်သော Martin Luther က မုန့်နှင့် စပျစ်ရည်တွင် သခင် ခရစ်တော် အမှန်တကယ်တည်ရှိကြောင်း ယုံကြည်ဝန်ခံခဲ့သည်။ သို့သော် သူသည် St. Thomas Aquinas ၏ Transubstantiation ရှင်းလင်းချက်အပေါ် သဘောတူခြင်း မရှိခဲ့ချေ။ Martin Luther သည် ကိုယ်တော်မြတ်၌ ခရစ်တော် တည်ရှိတော်မူခြင်းနှင့် ပတ်သက်၍ သင်ကြားရာတွင် ခရစ်တော်သည် မုန့်၏ မူလဇာတိအဖြစ် မပျောက် ကွယ်ဘဲ မုန့်၏အောက်၊ မုန့်၏ အထဲ၊ မုန့်နှင့်အတူ (In, With and Under the bread) 
ပူးတွဲလျက် တည်ရှိတော်မူပြီး မုန့်သည် ၄င်း၌ ခရစ်တော် ကိန်းအောင်းတော်မူခြင်းကြောင့် မိမိ၏ မူလဇာတိအဖြစ် 
ဆုံးရှုံးသွားခြင်း မရှိဟူ၍ သွန်သင်ခဲ့သည်။ ထို့ကြောင့် St. Thomas Aquinas ၏ “မုန့်ဇာတိအဖြစ်ပျောက်ကွယ် သွားပြီး ခရစ်တော်၏ ကိုယ်ခန္ဓာအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားသည်” 
ဟူသည့် သွန်သင်ချက်ကို ငြင်းဆိုခဲ့သည်။ 

ဤသို့ဖြင့် Martin Luther ၏ ကိုယ်တော်မြတ်၌ ခရစ်တော် 
တည်ရှိခြင်းနှင့် စပ်လျဉ်း၍ သွန်သင် ချက်ကို ဇာတိ အဖြစ်နှစ်ပါး ပူးတွဲတည်ရှိခြင်း (Consubstantiation) ဟု ခေါ်ဆိုနိုင်သည်။ Martin Luther သည် အသင်းတော်၏ ကိုယ်တော်မြတ်ပြောင်း လဲခြင်း ဆိုင်ရာ Transubstantiation သီအိုရီနှင့် စပ်လျဉ်း၍ ဝေဖန်ပြော ဆိုရာတွင် ၄င်းသီအိုရီသည် ဒဿနိကအတွေးအခေါ် အခြေခံသော St. Thomas Aquinas ၏ ကိုယ်ပိုင် တီထွင် ဖန်တီးမှု တစ်ရပ် သာဖြစ် သည်ဟု ဆိုခဲ့သည်။ ထို့အပြင် Martin Luther သည် St. Thomas Aquinas ၏ သွန်သင်ချက်အား ငြင်းဆိုရာတွင် သံပေါလ်လုကိုယ်တိုင် 
ပထမကော်ရိန်တု သြ၀ါဒစာ၌ “ငါတို့ဖဲ့သောမုန့်” 
( ၁ ကော် ၁၀း၁၆)၊ “လူတိုင်းကိုယ့်ကိုယ်ကို
 ဆေးကြောပြီးမှ မုန့်ကို စားစေ” ဟူ၍ 
ဆိုထားကြောင်း သူ၏ (Smalcald Article)
 ဆောင်းပါးတွင် ရေးသား ခဲ့သည်။ 

ဤသို့ဖြင့် Martin Luther သည် ကိုယ်တော်မြတ် (မုန့်) ၌ မုန့်၏ ဇာတိ (မုန့်အဖြစ်) ပျောက်ကွယ်သွားခြင်း မရှိဟူသော သူ၏ သွန်သင်ချက် မှန်ကန်ကြောင်း အခိုင်အမာ သက်သေထူ၍ ပြောဆို ခဲ့သည်။ 
Martin Luther ၏ အထက်ပါ မှားယွင်းသော သွန်သင်ချက်အား
 ပြန်လည် တုံ့ပြန်ရာတွင် Fr. William D. Lynn က သခင်ယေဇူးသည် နောက်ဆုံး ညစာစားပွဲတော်၌ မုန့်နှင့် စပျစ်ရည်ကို မိမိ ကိုယ်တော်မြတ် (အသား တော်နှင့် အသွေးတော်) အဖြစ် ဖန်ဆင်းသောအခါ 
“ဤအရာ၌ ငါ၏ ခန္ဓာကိုယ် (အသား) ပါဝင်သည်” ဟု 
မိန့်တော်မူသည် မဟုတ်၊ “ဤသည်ကား ငါ၏ ခန္ဓာကိုယ်ဖြစ်၏” 
ဟူ၍သာ မိန့်တော်မူခဲ့ကြောင်း ရှင်းပြချေပခဲ့ သည်။ ထို့ကြောင့် မစ္ဆား တရားတော်မြတ်၌ သခင်ခရစ်တော် ကျွန်ုပ်တို့အား ပေးသော 
အရာသည် သာမန် မုန့်နှင့် စပျစ်ရည်မဟုတ်၊ မိမိအသားတော်နှင့် အသွေးတော် စင်စစ်ဖြစ်တော်မူသည်။ ဤသွန်သင်ချက်သည်
 ရှေးကနဦး အသင်းတော် ဖခင်ကြီးများ၏ သွန်သင်ချက်များ၌ပင် တွေ့မြင်နိုင်သောကြောင့် အသင်းတော်၏ ခေတ်ကာလ အဆက်ဆက် ယုံကြည်ရာအချက် (Dogma) လည်းဖြစ်သည်။ 

ဤယုံကြည်ရာအချက်နှင့် စပ်လျဉ်း၍ ၄င်းဖခင် ကြီးများက ကိုယ်တော်မြတ် (မုန့်နှင့်စပျစ်ရည်) သည် မုန့်နှင့် စပျစ်ရည် အနံ့အရသာရှိသော်လည်း မုန့်နှင့် စပျစ်ရည်မဟုတ်၊ ခရစ်တော်မြွတ်ဆိုသည့်အတိုင်း သူ၏ အသားတော်နှင့် အသွေး တော်ဖြစ်သည် ဟူ၍ သွန်သင်ခဲ့ ကြသည်။ ထို့အပြင် “Transubstantiation” ဟူသော အသုံးအနှုန်းသည် ဒဿနိကအတွေးအခေါ်အပေါ် အခြေခံသော 
St. Thomas Aquinas ၏ ကိုယ်ပိုင်တီထွင်ကြံဆမှု 
မဟုတ်ဘဲ ဤစကားလုံးသည် St. Thomas Aquinas မတိုင်မီ
 နှစ်ပေါင်းများ စွာကပင် ကက်သလစ်အသင်းတော်တွင် စတင်အသုံးပြုနေပြီဖြစ်သည်။ ဤသို့ လက်ခံအသုံးပြုရခြင်းမှာ
 ခရစ်တော်၏ နှုတ်တော်ထွက် မင်္ဂလာ စကားတော်အားဖြင့် မုန့်နှင့်စပျစ်ရည်သည် ခရစ်တော်၏ အသွေး တော်နှင့် 
အသားတော်အဖြစ် (၄င်း မုန့်နှင့် စပျစ်ရည် အဆင်း 
သဏ္ဍာန် အောက်၌) အမှန် တကယ် ပြောင်းလဲ သွားသည်
ဟူသော အသင်း တော်၏ ယုံကြည်ရာအချက် (Dogma)ကို ရှင်းလင်းရာတွင် အထောက်အကူပြုသောကြောင့် သာဖြစ်ပြီး 
ဒဿနိက အတွေးအခေါ် အား အသင်းတော်၏ 
ယုံကြည်ရာအချက် အတွက် စံထားခြင်းလုံးဝ 
မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

၃။ Symbolic Presence (Ulrich Zwingli ၏ သွန်သင်ချက်) 
Ulrich Zwingli ကမူ ကိုယ်တော်မြတ်၌ (မုန့်နှင့် စပျစ်ရည် အဆင်းသဏ္ဍာန်အောက်၌) ခရစ်တော် အမှန်တကယ် တည်ရှိခြင်းကို ငြင်းပယ်ခဲ့သည်။ ၄င်းသွန်သင်ချက်နှင့် ပတ်သက်၍ မုန့်နှင့် စပျစ်ရည် သည် ခရစ်တော်၏ အသားတော်နှင့် အသွေးတော် ကိုယ်စား အသုံးပြုသောအရာများ (အမှတ်လက္ခဏာများ - Symbols) 
သာဖြစ်ပြီး အသားတော်နှင့် အသွေးတော်အဖြစ် အမှန်တကယ် ပြောင်းလဲခြင်း မရှိချေ။ သို့သော် လည်း မုန့်နှင့် စပျစ်ရည်ကို 
အသားတော်နှင့် အသွေးတော်ဟု မှတ်ယူကာ ယုံကြည်ခြင်းဖြင့် 
ပင့်ယူ သုံးဆောင်ကြ သောအခါ ၀ိညာဉ်တော် ခွန်အားကျေးဇူးရရှိကြသည်ဟု သွန်သင် ခဲ့သည်။ 

ထို့ကြောင့် Zwingli သည် “မုန့်နှင့် စပျစ်ရည်မှ ခရစ်တော်၏ 
အသားတော်နှင့် အသွေးတော် အဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားသည်” ဟူသော St. Thomas Aquinas ၏ သွန်သင် ချက်ကိုသော်လည်းကောင်း၊ “ကိုယ်တော်မြတ် (မုန့်) ၌ ဇာတိအဖြစ်
 နှစ်ပါး (ခရစ်တော်နှင့် မုန့်) ပူးတွဲတည်ရှိသည်” ဟူသော 
Martin Luther ၏ သွန်သင်ချက်ကို သော်လည်းကောင်း 
လက်ခံခြင်းမရှိဘဲ လုံးဝ ငြင်းဆိုခဲ့သည်။ 

၎။ Dynamic Presence (John Calvin ၏ သွန်သင်ချက်) ကိုယ်တော်မြတ်စက္ကရာမင်တူး၌ ခရစ်တော်တည်ရှိ ကိန်းအောင်းတော် 
မူခြင်း သွန်သင်ချက်နှင့် စပ်လျဉ်း ၍ John Calvin သည် Martin Luther၊ Ulrich Zwingli တို့နှင့် အနည်းငယ်ကွဲပြားပြီး တမူထူးခြား သည်။ John Calvin က သွန်သင်သည်မှာ ခရစ်တော်၏ ခန္ဓာတော် သည် ကောင်းကင်ဘုံမှာ တည်ရှိတော်မူသောကြောင့် မုန့်နှင့်စပျစ်ရည်၌ အမှန်တကယ် ကိန်းအောင်း (တည်ရှိ) ရန် မဖြစ်နိုင်ချေ။ သို့သော် မုန့်နှင့် စပျစ်ရည်ကို ခရစ်တော်၏ အသွေးတော်နှင့် အသားတော် (ကိုယ်စား) 
အဖြစ် ပင့်ယူကြသောအခါ သန့်ရှင်းသော ၀ိညာဉ်တော်၏ 
ဘုန်းတန်ခိုးတော် အားဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့် ပေါင်းစပ်ကြ သည်ဟု သွန်သင်ခဲ့သည်။ ဤအဖြစ်အခြေ အနေကို နေနှင့် ၄င်း၏ အလင်းရောင်ခြည်အားဖြင့် နှိုင်းယှဉ်ပြ ထားသည်။ 

 နေသည် မိုးကောင်းကင်တွင် တည်ရှိနေသော်လည်း သူ၏ အလင်း ရောင်ခြည်ကို ကမ္ဘာပေါ်သို့ ပို့ပေးနိုင်သည့်နည်းတူ ခရစ်တော် သည်လည်း မိမိကိုယ်ခန္ဓာတော်သည် ကောင်းကင်ဘုံ၌ တည်ရှိတော် မူနေရင်း သူ၏ အသား တော်နှင့် အသွေးတော် (ကိုယ်စား) အဖြစ် မုန့်နှင့် စပျစ်ရည်ကို ပင့်ယူသုံး ဆောင်သူတို့နှင့်အတူ ၀ိညာဉ်တော် အားဖြင့် ပေါင်းစပ်နိုင်သည်။ ဤနည်းဖြင့်သာ ကျွန်ုပ်တို့သည် ခရစ်တော်၏ အသွေးတော်နှင့် အသားတော်ကို အမှန်တကယ် ပင့်ယူကြ သည်ဟု John Calvin က သွန်သင်ခဲ့သည်။ မှတ်ချက်။ ။ St. Thomas Aquinas ၏ 
“ကိုယ်တော်မြတ် စက္ကရာမင်တူး၌ သခင်ခရစ်တော်ကိန်းအောင်း
 တော်မူခြင်း သွန် သင်ချက်” (သို့) “မုန့်နှင့် စပျစ်ရည်မှ ခရစ်တော်၏ အသားတော်နှင့် အသွေးတော် (၄င်း မုန့်နှင့် စပျစ်ရည် အဆင်းသဏ္ဍာန်အောက်၌) အဖြစ် အမှန်စင်စစ် ပြောင်းလဲသည်”
 ဟူသော သွန်သင်ချက်သည် ကက်သလစ်အသင်းတော်၏ (ရှေးကနေဦးအသင်းတော်မှစ၍) ခေတ် အဆက်ဆက် ယုံကြည်ရာအချက် (Dogma) ဖြစ်သည်။ Martin Luther၊ အထူးသဖြင့် Ulrich Zwingli နှင့် John Calvin တို့၏ သွန်သင်ချက် များကို ဂိုဏ်းကွဲညီ အစ်ကို 
အသင်းတော် (အများပိုင်း) တို့က ယုံကြည် လက်ခံနေကြဆဲဖြစ်သည်။ 

ယခုအခါ တွင်မူ အင်္ဂလီကန် အသင်းတော်နှင့် လူသရင် (Lutheran) အသင်းတော် တို့သည် “Transubstantiation” ဟူသော ကက်သလစ် အသုံးအနှုန်း (Term) အား လက်ခံခြင်း မရှိကြသော်ငြားလည်း၊ ၄င်း စကားလုံး၏ ဆိုလိုရင်း အနက်(Concept) ကိုမူ ယုံကြည် လက် ခံနေကြသည်။ ဤသို့ဆိုရခြင်းမှာ ၄င်းအသင်းတော်များသည် ကိုယ်တော်မြတ် စက္ကရာမင်တူး ၌ သခင်ခရစ်တော် အမှန်တကယ် တည်ရှိကြောင်းကို ကက်သလစ်ယုံကြည်ချက်နည်းတူ ယုံကြည် လက်ခံနေ ကြသည်ကို တွေ့မြင်နိုင်ပေသည်။ သို့ရာတွင် ဤအသင်း တော်များ အနေဖြင့် မစ္ဆားတရားပူဇော်ကျင်းပချိန် အတွင်း၌သာ (Only within Eucharistic Celebration) ခရစ်တော်သည် ကိုယ်တော်မြတ် မုန့်၌ တည်ရှိသည်ဟု ယုံကြည်ကြသောကြောင့် ကက်သလစ် အသင်းတော်တွင် ယုံကြည် ကျင့်သုံးလေ့ ရှိသော ဘုရားကျောင်း ဗိမာန် တော် (Tabernacle) (သို့) ကိုယ်တော်မြတ် ကျောင်းဆောင် (Adoration Chapel) များ၌ ကိုယ်တော်မြတ် သိမ်းဆည်းထားခြင်း (ဖျားနာသော ဘာသာဝင်များ ပင့်ယူရန်နှင့် ယုံကြည်သူ ခရစ်ယာန် အားလုံး ဖူးမျှော် ကိုးကွယ်ရန်) ကို ယုံကြည်လက်ခံခြင်း မရှိသေးသည် ကို တွေ့ရှိရသည်။ 

နိဂုံးချုပ်အားဖြင့် မည်သို့ပင်ဖြစ်စေကာမူ မစ္ဆား တရားတော်မြတ်တွင် ရဟန်းဘုန်းတော်ကြီးမှ “ဤသည်ကား ငါ၏ ခန္ဓာကိုယ်ဖြစ်၏”၊ “ဤသည်ကား ငါ၏ အသွေးဖြစ်၏” ဟူသော ခရစ်တော်၏ မင်္ဂလာ စကားတော်ကို ရွတ်ဆိုသည့် အခါတိုင်း “သာမန် မုန့်နှင့် စပျစ်ရည် တို့သည် ခရစ်တော်၏ အသားတော်နှင့် အသွေးတော် အဖြစ်သို့ အမှန်စင်စစ် ပြောင်းလဲသွားသည်” ဟူသော ကက်သလစ် အသင်းတော်၏ သွန်သင်ချက်သည် မမှား မယွင်းနိုင်သော ယုံကြည်ရာ အချက်
 (Dogma) ဖြစ်သည့်အလျောက် ယုံကြည်သူ ခရစ်ယာန် အားလုံး 
အကြွင်းမဲ့ ယုံကြည် လက်ခံ ရမည်ဖြစ် သည်။ “ငါ၏ အသားကို စား၍ ငါ၏ အသွေးကို သောက်သောသူသည် ထာဝရအသက်ကိုရ၏” 
(ယော ၆း၅၄)။ Copy: သုတမျိုးစေ့”၊ အမှတ်စဉ် (၅)

No comments:

Post a Comment