ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

December 18, 2013

နှလုံးသားကိုရင်း၍

ထိုမှတပါး သန်လျက်သည် သင်၏ နှလုံးကို ခွင်းလိမ့်မည်ဟု မြွက်ဆို၏” (လုကာ ၂း၃၅) 
 သူငယ်တော် ယေရှုကို ဖွားမြင်သည့် နောက်တွင် မောရှေ၏ ပညတ်ချက်အရ သူငယ်တော်အား အရေဖျားလှီးခြင်း မင်္ဂလာ ခံဖို့ရန် ဗိမာန်တော်သို့ မိဘတို့က ခေါ်ဆောင်သွားခဲ့သည်။ ထို၌ ဘုရားသခင်၏ သားတော်ကြွလာတော်မူခြင်းကို နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့သော ရှုမောင် ဆိုသူနှင့် တွေ့ခဲ့ကြသည်။ ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်လမ်းပြခြင်းအတိုင်း အသက်ရှင်နေသူ ဖြစ်သည်(း၂၅)။ သူငယ်တော်ကို မြင်သောအခါ အလွန်ဝမ်းမြောက်လျက် မာရိ၊ ယောသပ်နှင့် သူငယ်တော်ယေရှုကို ကောင်းကြီးပေး၍ ပေးပြီးလျှင် မာရိထံ အလွန်အရေးကြီးသော စကားကို ပြောခဲ့လေသည်။ သူ့စကားမှာ ယေရှုသည် ဣသရေလလူအများ လဲမည်အကြောင်းနှင့် ထမည် အကြောင်း၊ ငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားတော်မူခြင်း ခံရသူ ဖြစ်သည်ဟူ၍ပင်။ ဟုတ်ပါသည်။
 ယေရှုကြောင့် ဣသရေလလူအတော် များများ ဘုရားသခင်၏ ရွေးနှုတ်ခြင်း အကြံအစည်တော်နှင့် ၎င်း၏ ပြည့်စုံခြင်းများနားလည်လာကာ သူတို့ဝိညာဉ်ရေး ထလာရာအကြောင်း ဖြစ်သော်လည်း၊ အချို့အတော်များများအတွက်မူ ယေရှုကို သူတို့စောင့်မျှော် နေသော ဘုရားသခင်၏ သားတော် မေရှိယအဖြစ် လက်မခံသောကြောင့် ယေရှုသည် သူတို့အတွက် လဲစရာအကြောင်း၊ ငြင်းခုံစရာအကြောင်း ဖြစ်ခဲ့သည်။ ရှုမောင်၏ နောက်ဆုံး စကား၌ မာရိအား သန်လျက်သည် သင်၏ စိတ်နှလုံးကို ခွင်းလိမ့်မည်ဟု ဆိုခဲ့သည်။ ဘုရားသခင့် အလိုတော်ပြည့်စုံဖို့ရန် မိမိနှလုံးသားကို ရင်း၍ ဆက်ကပ်ခဲ့သော မာရိမှာ ယခု သူမနှလုံးသားကို သန်လျက်က ခွင်းမည်ဟု ကြားရာတွင် နားမလည်နိုင်ဖြစ်မည်မှန်သော်လည်း တဘက်၌ တုန်လှုပ်နေပေမည်။ ဟုတ်ပါသည်။
ဘုရားသခင်စေခိုင်း၍ သူမ ခက်ခဲစွာ မွေးဖွားပြီး ပြုစုယုယလာသော ဘုရားသားတော်လည်းတဖြစ်၊ မိမိ၏ ချစ်သော သားဦးလည်းဖြစ်သည့် ယေရှုကို ကားတိုင်ပေါ် အနာကျင်ဆုံး ဒဏ်ရာများနှင့် လူများ၏ ကဲ့ရဲ့ကျီစယ်မှုကြားတွေ့ရသည်တွင် သူမ၏ နှလုံးသား သန်လျက်ခွင်းသလို ခံစားရပေမည်။ 
သူမ၏ သားဖြစ်သော ယေရှုအသက်တာ၌ ဘုရားသခင်ကြိုတင်စီမံသည့်အတိုင်း အရာရာ ပြည့်စုံနေသည်ကို မြင်ပြီး ကြိုတင်ပရောဖက်ပြုထား သည့်အတိုင်း ကားတိုင်ပေါ် သေရမည်ကို သိသော်လည်း လူသားအနေဖြင့် ကားတိုင်ပေါ်က မိမိချစ်သောသား၊ လိမ္မာပြီး အမိနှင့် ညီငယ်၊ ညီမငယ်များကို လုပ်ကျွေးသော သားအား မြင်ရသည်တွင် မည်သို့မျှ ခံစားနိုင်မည်မဟုတ်ပေ။ သို့ရာတွင် ထိုမြင်ကွင်းသည် အဆုံးမဟုတ်ပါ။ 
ထိုယေရှုသည် ဘုရားသခင် ဖြစ်သောကြောင့် သေခြင်းကို အောင်မြင်ကာ ထမြောက်ခဲ့သည်ကိုလည်း မာရိဝမ်းမြောက်စွာ ပြန်လည်မြင်တွေ့ရပြီး ယုံကြည်ခြင်းလည်း ပိုမိုခန့်ခံ့ လာမည်အသေအချာပင်။ နှလုံးသားကို ရင်း၍ ပေးဆပ်သော မာရိ၏ ပေးဆပ်ခြင်းသည် အချည်းနှီးမဟုတ်ကြောင်း ထင်ရှားလာသည်။ 
ကိုးကွယ် ခြင်းကို မခံထိုက်သော်လည်း ကြည်ညှိလေးစားခြင်း အခံထိုက်ဆုံး မိန်းကလေးတစ်ဦးဖြစ်လာခဲ့သည်။ ဘုရားသခင်၏ အလိုတော်၌ မိမိ အသက်တာ၊ စိတ်နှလုံးသားကို ပေးဆပ်သော သူတိုင်းသည် မြောက်မြားစွာ သော အခက်အခဲများကို ကျော်ဖြတ်ရသော်လည်း အဆုံးသတ်ပိုင်းကို ဘုရားသခင်က လှပေစေသည်(ဆရာမင်းလွင်)

No comments:

Post a Comment