ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

August 27, 2014

(နာမည်၊လူမျိုးးနှင့် နေရာဒေသ)

(နာမည် လူမျိုးးနှင့် နေရာဒေသ) 
              တာရှု......... စပိန် ( Spain ) 
              ကိတ္တိမ်....... ဆိုက်ပရပ် ( Cyprus ) 
              ကုရှ............အီသီအိုပီးယား ( Ethiopia )
              မိဇရိမ်.........အီဂျစ် ( Egypt ) 
              ဖုတ........... လစ်ဗျား ( Libya ) 
              ခါနန်.......... ပါလစ်စတိုင်း( Palestine ) 
              အာရှုရိ....... အာဆီးရီးယား ( Assyria ) 
              ဧလံ............ပါရှား ( Persia ) 
              အာရံ..........ဆီးရီးယား နှင့်မက်ဆိုပိုတေးမီးယား
              မောဘ...... ဂျော်ဒန် 
              ဖိလိတ္တိ...... ပါလစ်စတိုင်း 
              ဒမသတ်.... ဒမ္မစကပ် ( ဆီးရီးယားနှိုင်ငံမြိုတော် ) 
              စိန.............တရုပ်
              ဂေါမာ....... တူရကီ 
              မာဂေါဂ..... ရုရှား
              ပေရသိ..... ပါရှား ( အီရန် ) 
              ရှုရိ........... ဆီးရီးယား

GEERT WILDERS ၏ မူဆလင်အပေါ်အမြင်..

August 25, 2014

ယနေ.လေ.လာသမျှ (Buhdah ယုံကြည်ချက်)

မေး - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ?
 ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ“ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿနပညာကိုဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရား အဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်ပေါင်း သန်းသုံး ရာကျော် ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿနပညာရပ် တစ်ခုအဖြစ်သာ တည်ရှိခဲ့ပါတယ်။ သို့သော်လဲ ယခုအချိန်မှာ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေ တဖြည်းဖြည်း တိုးပွါးနေပါတယ်။ 
 မေး - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
 ဖြေ - ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosopy ကို ဘာသာပြန်ထားတာပါ။ အဘိဓာန်များဖွင့်ပြချက်အရ ဆိုရင် "philo"ဆိုတာ “ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလိုပါတယ်။ "sophy" ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီတော့ "Philosopy" ဆိုတာ “ပညာကိုချစ်ခင်ခြင်း“၊ သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီစကားနှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖေါ်ပြနိုင်ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာအရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေးပါတယ်။ ပြီးတော့ ကျွန်ုပ်တို့ဟာ သတ္တ၀ါအားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန်
 မေတ္တာ ကရုဏာတရား တိုးပွါးအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး။ မြင့်မြတ်သော အတွေးအမြင်ပညာ (Supreme Philosopy) သာ ဖြစ်ပါတယ်။  
 မေး - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
 ဖြေ - ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပ္ပိလ၀တ်ပြည်) ဘုရင် သုဒ္ဓေါဒနနှင့် မိဖုရား မယ်တော်မာယာတို့မှ သားကလေးတစ်ယောက် ဖွားမြင်ပါတယ်။ ဒီမင်းသားကလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းလာရသော်လဲ နောက်ဆုံးမှာ
 လောကီစည်းစိမ်ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ်။ ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကိုရှာဖို့ ဆုံးဖြတ်လိုက်တယ်။ အသက်*၂၉နှစ် *ရှိတဲ့အခါ ဒီမင်းသားဟာ သူ့ရဲ့ကြင်ယာတော် (ယသောဓရာ)နှင့် သားတော်(ရာဟုလာ)ကို ထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။ သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြသော်လဲ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း ဇစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြဘူး။ သိဒ္ခတ္ထမင်းသားဟာ* (ဥရုဝေလတော) မှာ ခြောက်နှစ်* ကြာအောင် လေ့လာ ပွါးများ အားထုတ်ပြီးတဲ့ အခါမယ် အ၀ိဇ္ဇာကို ပယ်ခွါနိုင်တဲ့အတွက် (အမှန်တရားကို) ထိုးထွင်းသိမြင်သွားပါတယ်။ အဲဒီအချိန်ကစပြီး သူ့ကို “ဗုဒ္ဓ“ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော် မြတ်ဘုရားဟာ အဲဒီအချိန်မှစပြီး ၄၅နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိထားတဲ့ တရားတော်များကို လှည့်လည်ဟောပြော ခဲ့ပါတယ်။ *(မှတ်ချက် ။ ။ ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။ ထိုအကျင့်မှားကို စွန့်၍ အာနာပါနဈာန် အခြေခံလျက် မဂ္ဂင်ရှစ်တန် ပွါးမှသာ ဘုရားအဖြစ်သို့ ရောက်ပါသည်။)* ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့ မဟာ ကရုဏာတော်နှင့် ခန္တီတရားကြောင့် များစွာသော လူတို့ဟာ တပည့်သာဝကအဖြစ် ခံယူကြပါတယ်။ သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာဝအလျောက် အိုခြင်းတရား၊ နာခြင်းတရားများ ဖိစီးနှိပ်စက် ခံရသော်လဲ ချမ်းမြေ့အေးငြိမ်း လျက်ပင် နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင်စံတော်မူပါတယ်။  
 မေး - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့ အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
 ဖြေ - ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။ သူအချိန် အကြာကြီး စဉ်းစားပြီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့ အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုး ကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါပဲ။ ကြီးမားတဲ့ မဟာ ကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲအပင်ပန်း ခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေကြ ရတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာအကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။  
 မေး - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
 ဖြေ - လျှပ်စစ်ဓါတ်ကိုတွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ်။ ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်းများစွာကို ကယ်နေဆဲပါပဲ။ ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။ သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့လို နေထိုင် ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။ ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။ သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။ သူ့စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲစေတုန်းပါပဲ။* ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။*  
 မေး - ဗုဒ္ဓဟာ ထာဝရဘုရား God လား။
 ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရား လို့ဖြစ်စေ၊ ထာဝရဘုရားရဲ့ သားတော်လို့ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံး စုံ ပြည့်စုံသူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်။  
 မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုး ကိုးကွယ်နေကြသလဲ။
 ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တချို့က တစ်စုံတစ်ခုသော တန်ခိုးရှင်ဘုရားကို (a God) ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။ ဂုဏ်ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော် ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ ပူဇော် ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။ ဗုဒ္ဓဘာသာဝင်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။ တခြား ကိုးကွယ် ဆည်းကပ်မှုတစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထ ပေးကြတယ်။ ဂုဏ်သရေရှိတဲ့ လူနဲ့တွေ့ရင်လက်ဆွဲနှုတ်ဆက်ကြတယ်။ အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။ လေးမြတ်ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။ ဒီလို အရိုအသေ ဂါရ၀ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှုမျိုးပါပဲ။ တင်ပလ္လင် ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။ အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကိုသတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။  
 မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
 ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။ အဘိဓာန်များကတော့ ရုပ်တုကို ထာဝရဘုရား(God) အဖြစ်နဲ့ ရှိခိုး ကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်မှု လို့ ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရားတစ်ပါး(God) အနေနဲ့ ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ။ သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။ ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ်လက္ခဏာ(Symbol) အမျိုးမျိုးကို အသုံးပြုကြပါတယ်။ ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ ယင်နဲ့ယန်(Ying -Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ်။ ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဗုဒ္ဓဘာသာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကို ဖေါ်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ဓဏာအဖြစ် အသုံးပြုကြပါတယ်။ *ဗုဒ္ဓရုပ်တုတော်**က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုပါတယ် ထာဝရဘုရား သိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရစေပါတယ်။ *ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေဟာ မမှန်ပါဘူး။  
 မေး - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြ တာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
 ဖြေ - ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများ ကို တွေ့ ရတဲ့အခါ အဲဒါတွေကို ကျွန်ုပ်တို့အတွက် ထူးဆန်းနေ တတ်ပါတယ်။ အဲဒီလိုဟာတွေကို အထူးအဆန်း တွေပဲလို့ အမှတ်တမဲ့ ဘာသိဘာသာ မနေပဲ အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ်။ မှန်ပါတယ်၊ *တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ အခြေမခံပဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ တွေ့ရတတ်ပါတယ်။* ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။ အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့ ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာအထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့ ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ်မဟုတ်ပေ။ ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက် ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေပါလျက်နဲ့ တရားဆေးဖြင့်မကုစားလျှင် မြတ်စွာဘုရား၏ အပြစ်မဟုတ်ပေ။} ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း ကောင်းကောင်း နားမလည်သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်း ကို မဆုံးဖြတ်သင့်ပါဘူး။  
 မေး - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါဘာကြောင့်လဲ။
 ဖြေ - ဗုဒ္ဓဘာသာဝင်တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။ သင်မကြားမိတာကတော့ ဗုဒ္ဓဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်းကို ၀ါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်းတော်တော်ကြာဆီက ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို ဟာ ဘာသာတရားအားလုံး ပေါင်စည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် (Templeton Prize) တင်ပယ်လ်တန်ဆုကို ရရှိပါတယ်။ အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက် မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့ အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့အတွက် {နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု} ကို ရရှိခဲ့ပါတယ်။ အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့ (Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက် ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ စာသင်ကျောင်းတွေ၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ တည်ထောင်ပြီး ပြုစု ပျိုးထောင်ပေးနေ ပါတယ်။ ဗုဒ္ဓဘာသာဝင်များဟာ တခြား ဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ သူတို့ရဲ့ ဘာသာတရား လိုက်နာ ကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင်မှတ် ယူကြပါတယ်။ သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေဘဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ် လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြား ရတာ ဖြစ်ပါလိမ့်မယ်။  
 မေး - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
 ဖြေ - လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။ သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ။ သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ။ မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြားအမျိုးမျိုးအစားစား ထုတ်ကြတာက သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။ ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ၊ ဈင် ဗုဒ္ဓဘာသာ၊ အမိတာဘာ ဗုဒ္ဓဘာသာ၊ ယောဂါစာရ ဗုဒ္ဓဘာသာ၊ ၀ဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လဲ အနှစ်သာရအားဖြင့် အတူတူပါပဲ။ အဲဒီ အနှစ်သာရက ဘာလဲဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါပဲ။ ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။ အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျှောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲ အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။ ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး။ သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်းတစ်ဂိုဏ်းရဲ့ကျောင်းကန်ဘုရားကို တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ်။ တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။  
 မေး - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
 ဖြေ - ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင် မည်သူမဆို တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြားဘာသာတရားများကို ပွင့်ပွင့်လင်း လင်း ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။ ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရား တွေဟာ အချင်းချင်း ဘယ်လောက်များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။ အားလုံးသော ဘာသာတရားများက လူသားရဲ့ လက်ရှိ အခြေအနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ၀န်ခံကြတာပါပဲ။ လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံးယုံကြည်ကြပါတယ်။ ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာဝန်ဝတ်တရားများ ဆောင်ရွက်ခြင်း စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ်။ ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာတရားများက ဒီ လုံးဝအုပ်စုံ ပြည့်စုံတဲ့ သဘာဝကို ဘာသာစကား အမျိုးမျိုး၊ နာမည်အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။ အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့ အခါမှာသာ သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ်ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။ စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။ အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။ ပြင်သစ်က Tasse လို့ခေါ်တယ်။ တရုတ်က Pei ၊ အင်ဒိုနီးရှားက Cawan လို့ခေါ်တယ်။ အဲဒါ သူ့အခေါ်မှန်တယ်၊ တစ်ခြားလူ့အခေါ် မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ် ကိုးကားပြီး အကြောက်အကန် ငြင်းခုံးနေကြပါရော။ အဲဒီအခိုက်မှာ ဗုဒ္ဓဘာသာ ၀င်တစ်ဦး ရောက်လာပြီးဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို
 ကောက်ယူပြီး မော့သောက်ပြစ်လိုက်ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။ ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ၊ ငြင်းခုံနေလို့ ဘာအကျိုးရှိ မလဲ၊ သောက်ဖို့ ပန်းကန်ကို သောက်လိုက်မှ အမောပြေပြီး လန်းဆန်းလာမှာပေါ့၊ အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာတရားများအပါ် ဗုဒ္ဓဘာသာက မြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။  
 မေး - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။
 ဖြေ - ဒီအမေးကို မဖြေမီ သိပ္ပံ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာကြည့်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အဘိဓာန်များက ဒီလိုဖွင့်ပြကြပါတယ်။ သိပ္ပံ ဆိုတာ တကယ်ဖြစ်နေတဲ့ သဘာဝတစ်ခုကို လက်တွေ့မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်းတို့အပေါ် အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့ပညာ၊ တိတိကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လို့ သဘာဝကျတဲ့ နည်းလမ်း ဥပဒေသများ သတ်မှတ်ဖေါ်ပြတဲ့ ပညာပါပဲ။ အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလဲ သိပ္ပံပါပဲ။ ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်များ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာရဲ့ လိုရင်း တရားဖြစ်တဲ့ သစ္စာလေးပါးကတော့ သေသေချာချာ ကိုက်ညီပါတယ်။ 
*ပထမဆုံး အမှန်တရားက ဒုက္ခသစ္စာပါ။
* ဒီမှာ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင်တွေ့သိ ခံစားရတဲ့ အရာပါ။ သူ့ကို အဓိပ္ပါယ် သတ်မှတ်လို့လဲ ရပါတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။ *ဒုတိယ အမှန်တရားက သမုဒယသစ္စာပါ။
* လိုချင်တပ်မက်မှု တဏှာကို ဆိုလိုပါတယ်။ ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာဟာလဲ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပါ။ အဓိပ္ပါယ် သတ်မှတ်လို့လဲ ရတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။ ဒီဒုက္ခနဲ့ ဒုက္ခရဲ့ အကြောင်းတရား အမှန်ကို ဒဿနပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့ မလိုပါဘူး။ ကိုယ်တွေ့ ခံစားသိမြင်ရတဲ့ အရာတွေပါ။ *တတိယ အမှန်တရားကတော့ နိရောဓသစ္စာပါ။ *ဆင်းရဲကုန်ဆုံးတဲ့သဘော၊ ဆင်းရဲငြိမ်းတဲ့သဘောပါ။ ဒီသဘောကို အနန္တ တန်ခိုးရှင်ဆိုသူ တစ်ဦးဦးကို အားကိုးလို့ မရပါဘူး။ ယုံကြည်ရုံမျှ ဆုတောင်ရုံမျှနဲ့လဲ မရနိုင်ပါဘူး။ ဆင်းရဲဒုက္ခရဲ့ အကြောင်းတရားကို ပယ်သတ်နိုင်မှပဲ ရပါတယ်။ *စတုတ္ထ အမှန်တရားကတော့ ဆင်းရဲငြိမ်းစေတဲ့ နည်းလမ်းဖြစ်တဲ့ မဂ္ဂသစ္စာပါ။* ဒီ ဆင်းရဲငြိမ်းရေး နည်းလမ်းကလဲ ဒဿနပညာ သဘောတရားတွေနဲ့ လုံးဝ မသက်ဆိုင် ပါဘူး။ သတ်မှတ်ပေးထားတဲ့ နည်းလမ်းအတိုင်း လက်တွေ့ ကျင့်မှပဲ ရပါတယ်။ ဒီနည်းလမ်းကလဲ အစမ်းသပ်ခံ နည်းလမ်းပါ။ သိပ္ပံပညာမှာလိုပဲ ဗုဒ္ဓဘာသာကို ရှင်းပြဖို့လဲ အနန္တ တန်ခိုးရှင် အယူအဆကို လက်ခံဖို့ မလိုပါဘူး။ ဗုဒ္ဓဘာသာ ကိုယ်တိုင်က စကြာဝဠာ ကမ္ဘာလောကြီးရဲ့ အလုပ်လုပ်ပုံကို သဘာဝ နိယာမတွေနဲ့ ရှင်းပြထားပါတယ်။ ဒီအချက် အားလုံးက ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျ အနှစ်သာရ ကို သေချာစွာ ဖေါ်ဆောင် နေပါတယ်။ ဒီမှာလဲ ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာ အမြဲတစေ ဆုံးမခဲ့တဲ့ အဆုံးအမက ကျွန်ုပ်တို့ဟာ ဘယ်အရာကိုမဆို အကန်းယုံ အရမ်းယုံ မယုံမိကြဖို့၊ မေးမြန်း၊ စုံစမ်း၊ စစ်ဆေး၊ စမ်းသပ်ပြီးမှ ကိုယ်တိုင် တွေ့သိခံစားရတဲ့ အရာပေါ်မှာ အခြေခံပြီး ယုံသင့်မှ ယုံဖို့ပါပဲ။ ဒီအဆုံးအမမှာ တိကျတဲ့ သိပ္ပံနည်းကျ အမြင် ပါဝင်နေပါတယ်။ ရှင်တော်မြတ်ဘုရား ဆုံးမပုံက -......... *ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့်။
* *အစဉ်အဆက် ယုံကြည်လက်ခံလာတာ ဖြစ်ရုံနှင့် မယုံကြည်ပါနှင့်။
* *သတင်းကြားနဲ့လဲ မယုံကြည်ပါနှင့်။
* *မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့လဲ မယုံကြည်ပါနှင့်။
* *တဆင့် စကားမျှနှင့်လဲ မယုံကြည်ပါနှင့်။
* *စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊ ဒဿနိကဗေဒတွေနဲ့ 
    ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်။
* *ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်။
* *မိမိဆရာ ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်။* သင်ကိုယ်တိုင် ကောင်းတဲ့အရာပဲ၊ အပြစ်ကင်းတဲ့ အရာပဲ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ၊ လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံပါ။ ဒါကြောင့် ဗုဒ္ဓဘာသာဟာ ပြည့်ပြည့်၀၀ သိပ္ပံ နည်းကျတယ်လို့ မဆိုနိုင်သော်လဲ အတော် ခိုင်မာတဲ့ သိပ္ပံနည်းကျ သဘောသဘာဝတွေတော့ ပါဝင်ပါတယ်။ ပြီးတော့ တခြား ဘာသာတရားတွေထက် ပိုပြီး သိပ္ပံ နည်းကျတယ်လို့တော့ ပြောနိုင်ပါတယ်။ *နှစ်ဆယ်ရာစုနှစ်မှာ အကြီးမြတ်ဆုံး သိပ္ပံပညာရှင် ဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်းက ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဒီလိုပြောပါတယ်။ နောင်တစ်ချိန်မှာ စကြ၀ဠာ တစ်ခုလုံး ကိုးကွယ်ကြတဲ့ ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီဘာသာတရားဟာ ထာဝရဘုရား အယူအဆကို လွှမ်းမိုးသွားလိမ့်မယ်။ တယ် တရားသေ ၀ါဒကိုလဲရှောင်လွှဲနိုင် လိမ့်မယ်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိတဲ့ ဒီဘာသာတရားဟာ ရုပ်နာမ်နှစ်ပါးလုံး ကိုယ်တွေ့ ခံစား သိမြင်မှုနဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ ပေါင်းစည်း ညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မယ်။ ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ်။ တကယ်လို့သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘာသာတရားတစ်ခု ရှိတယ်ဆိုရင် အဲဒီ ဘာသာတရားဟာ ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်။ 
 မေး - တခြား ဘာသာတရားများမှာ အမှားအမှန် အယူအဆကို သူတို့ ထာဝရဘုရား၊ နတ်ဘုရားများရဲ့ပညတ်တော်တွေ ထဲမှ ရကြပါတယ်။ သင်တို့ ဗုဒ္ဓဘာသာတွေက ထာဝရဘုရားကို မယုံကြည်ကြတော့ ဘယ်လိုလုပ်ပြီး အမှားအမှန်ကို သိကြပါသလဲ။
 ဖြေ - လောဘ၊ ဒေါသ၊ မောဟတရားများမှာ အခြေခံပြီး ကျွန်ုပ်တို့ကို နိဗ္ဗာန်မှ ဝေးစေတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံများဟာ မကောင်းမှုတွေ ဖြစ်ပါတယ် (အမှားတွေပါ)။ ပေးကမ်း လှူဒါန်းခြင်း၊ မေတ္တာထားခြင်းနှင့် အသိပညာတို့ အပေါ်မှာ အခြေခံပြီး ကျွန်ုပ်တို့ရဲ့ နိဗ္ဗာန်သွားရာ လမ်းကြောင်းကို ရှင်းလင်းပေးတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံများသာလျှင် ကောင်းမှုတွေ ဖြစ်ပါတယ်(အမှန်တွေပါ)။ ထာဝရဘုရားကို ဗဟိုထားတဲ့ ဘာသာတရားများမှာ အမှားအမှန်သိဖို့ လိုအပ်တာ အားလုံးကတော့ ထာဝရဘုရား ပြောတဲ့အတိုင်း လုပ်ဖို့ ကြိုးစားခြင်းပါပဲ။ *လူသားကို ဗဟိုထားတဲ့ ဗုဒ္ဓဘာသာလို ဘာသာတရားများမှာ အမှားအမှန် သိဖို့ကတော့ မိမိကိုယ်ကို နက်နက်နဲနဲ သိရှိမှု၊ နားလည် သဘောပေါက်မှု တိုးတက်ဖြစ်ပေါ်အောင် လုပ်ရပါတယ်။ နားလည်မှုပေါ်မှာ အခြေခံတဲ့ လိုက်နာကျင့်ကြံမှုဟာ ပညတ်ချက် တစ်ခုပေါ်မှာ အခြေခံတဲ့ နာခံမှုထက် ပိုပြီး အင်အားကောင်းပါတယ်။* ဒါကြောင့် အမှားအမှန်ကို သိဖို့ရာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဟာ အရာသုံးခုကို ကြည့်ပါတယ်။ အဲဒါတွေကတော့ (၁)ရည်ရွယ်ချက်၊ (၂)အလုပ်ကြောင့် မိမိအပေါ်မှာ အကျိုး သက်ရောက်မှုနှင့် (၃)သူတပါးအပေါ်မှာ အကျိုး သက်ရောက်မှုများပါပဲ။ ဒါန၊ မေတ္တာ၊ ပညာတို့အပေါ်မှာ အခြေခံလို့ ရည်ရွယ်ချက်က ကောင်းရင်၊ ပြီးတော့ မိမိကိုယ်ကိုလဲ (ပိုပေးကမ်း လှူဒါန်းအောင်၊ ပိုမေတ္တာ ထားအောင်၊ ပိုအသိပညာပွါးအောင်) ကူညီရင်၊ ပြီးတော့ သူတစ်ပါးကိုလဲ (ပိုပေးကမ်း လှူဒါန်းအောင်၊ ပိုမေတ္တာ ထားအောင်၊ ပိုအသိပညာပွါးအောင်) ကူညီရင် အဲဒီ အလုပ်တွေဟာ ကောင်းမှုကုသိုလ်တွေ၊ ကောင်းတဲ့ ကိုယ်ကျင့် တရားတွေပါပဲ။ တကယ်တော့ ဒီအချက်ဟာ အမျိုးမျိုး အစားစား ထွေပြားလှပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်က အကောင်းဆုံး ရည်ရွယ်ချက်နဲ့ လုပ်လိုက်ပေးမဲ့လဲ ကိုယ့်အတွက်ဖြစ်စေ၊ သူတစ်ပါးအတွက် ဖြစ်စေ ကောင်းကျိုး ဖြစ်ချင်မှ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ့် ရည်ရွယ်ချက်က မကောင်းပေမဲ့လဲ ကိုယ့်အလုပ်က သူတစ်ပါးကို ကောင်းကျိုး ရစေတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ရည်ရွယ်ချက် ကောင်းကောင်းနဲ့ လုပ်တဲ့ အလုပ်က ကိုယ့်ကို အကျိုးရစေပေမဲ့ သူတစ်ပါးကို ထိခိုက်ကောင်း ထိခိုက်တတ်ပါတယ်။ ဒီလို ကိစ္စမျိုးတွေမှာ အကောင်းနှင့် အတော်အသင့်ကောင်းတာ ရောနေပါတယ်။ ရည်ရွယ်ချက်က မကောင်းတဲ့အတွက် အလုပ်ကလဲ ကိုယ့်ကိုရော သူတစ်ပါးကိုပါ အကျိုးမရစေဘူး ဆိုရင် ဒီလို အလုပ်မျိုးဟာ မကောင်းပါဘူး။ ရည်ရွယ်ချက် ကောင်းလို့ အလုပ်ကလဲ ကိုယ့်ကိုရော သူတစ်ပါးကိုပါ ကောင်းကျိုး ရစေတယ်ဆိုရင် ဒီလို အလုပ်မျိုးဟာ အပြည့်အ၀ ကောင်းတဲ့ အလုပ်ပါ။  
 မေး - ဒါဖြင့် ဗုဒ္ဓဘာသာမှာ ကိုယ်ကျင့်တရားနှင့် ပတ်သက်တဲ့ ကျင့်ဝတ်တွေ ရှိပါသလား။
 ဖြေ - ရှိပါတယ်။ * ငါးပါးသီလဟာ ဗုဒ္ဓဘာသာ ကိုယ်ကျင့်တရားရဲ့ အခြေခံ ကျင့်ဝတ်ပါပဲ။ *ပထမ သိက္ခာပုဒ်က ...သတ္တ၀ါကို ထိခိုက် နာကျင်စေခြင်း၊ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း ဖြစ်ပါတယ်။ ဒုတိယက... ခိုးမှုမှ ရှောင်ကြဉ်ခြင်း၊ တတိယက... ကာမဂုဏ် ကိစ္စတွေမှာ ဖေါက်ပြန် မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ စတုတ္ထက...လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပဉ္စမက..... မူယစ်စေတတ်တဲ့ အရက်သေစာနှင့် မူးယစ်ဆေး ၀ါးမှန် သမျှမှ ရှောင်ကြဉ်ခြင်းများပါပဲ။
တရားနာတာနဲ့ တရားအားထုတ်တာ ဘယ်ဟာကကုသိုလ်ပို ရပါလဲ 
အဖြေ။တရားပွဲတွေမှာ တရားနာရုံနဲ့ ကုသိုလ်ရနိုင်ပါတယ်။ တစ်ခါတုန်းက ဖားကလေးတစ်ကောင်ဟာ တရားဟောနေတဲ့ အသံကို ဘာမှန်းမသိသော်လဲ နားထောင်ကောင်းကောင်းနဲ့ နားထောင်နေတဲ့အခိုက် ရုတ်တရက်သေဆုံးသွားပါတယ်။ ဖားကလေးဟာ သေတဲ့အခါ နတ်ပြည်မှာ ဖားနတ်သားဆိုပြီး နတ်သားသွားဖြစ်တယ်။ ဒါဟာ ဖားကလေးဘ၀ဖြစ်စဉ်က တရားတော်အသံကို နားထောင်မိရုံပဲရှိပါသေးတယ်။ လူုဖြစ်က ဆိုဖွယ်ရာမရှိတော့။ ဒါကြောင့်တရားနာတဲ့အခါ ကုသိုလ်ရတယ်လို့ပဲပြောရပါမယ်။ အမှန်တော့ တရားနာတာနဲ့ တရားအားထုတ်တာဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ တစ်ခါက ရဋ္ဌပါလသတို့သားဟာ ဘုရားရှင်ရဲ့တရားကို နာကြားရလို့ တရားတော်ကို မှန်မှန်ကန်ကန် နှလုံးသွင်းလိုက်နိုင်ပါတယ်။ ဒီလိုနဲ့ သူဌေးသားဟာ ရဟန်းဘ၀ရောက်ရှိပြီး တရားအားထုတ်လိုက်တာ ရဟန္တာဖြစ် တော်မူခဲ့ပါတယ်။ ဒါဟာ တရားနာခြင်းကြောင့် ရရှိလာတဲ့အကျိုးတရားတွေပါပဲ၊ တရားအားထုတ်တဲ့သူဟာတရားနာလျှင် သဒ္ဓါရွှင် ပညာအသိတိုးဆိုတဲ့အတိုင်း တရားလဲနာရတယ်၊ တရားနာရတဲ့ အကျိုးတွေလဲဘုရားရှင် ဟောတော်မူထား တာရှိပါတယ်။
(၁)မကြားဖူးသေးသော တရားစကားများကို ကြားနာရခြင်း။
(၂)ကြားဖူးပြီးသားဆိုရင်ပိုပြီး နားလည်ခြင်း။ 
(၃)ယုံမှားသံသယကို ပယ်ဖျောက်နိုင်ခြင်း။ (၄)အယူဝါဒကိုဖြောင့်မတ်စွာယူနိုင်ခြင်း။
(၅) ယုံကြည်တဲ့စိတ် တိုးပွားခြင်း တို့ဖြစ်တယ်။ ဒါ့အပြင် တရားနာ တာဟာ တရားအားထုတ်မှုအတွက် အထောက်အပံ့များ စွာပေးပါတယ်။ ဘုရားရှင်လက်ထက်က ပဉ္စဂ္ဂဒါယကပုဏ္ဏား လင်မယားနှစ်ယောက်ရှိတယ်။ တစ်နေ့ဘုရားရှင်က ပုဏ္ဏားလင်မယားအိမ် ဆွမ်းခံကြွတယ်။ ဒီအချိန်မှာ ပုဏ္ဏားကြီးက ထမင်းစားနေတဲ့အခိုက်ဖြစ်တယ်။ စားပြီးလို့ တစ်ဝက်လောက်ကျမှ ဘုရားရှင်အိမ်ရှေ့ဆွမ်းရပ်တာကိုသိတဲ့အတွက် ဘုရားရှင်ထံသွားကာ “မြတ်စွာဘုရား စားပြီးတစ်ဝက်ကျန်တာလဲ အလှူခံပါသလားဘုရား” လို့ ပုဏ္ဏားကမေးလျှောက်တော့ ဘုရားရှင်က “ဒို့အလှူခံတွေဆိုတာ ဦးဖျားဖျားအလှူခံလဲ လက်ခံပါတယ်၊ စားပြီးလို့တစ်ဝက်ကျန်တာလဲ အလှူခံပါတယ်” လို့မိန့်တော်မူတော့ ပုဏ္ဏားဟာ သူ့ပုဂံထဲက စားပြီးတစ်ဝက်သာကျန်တဲ့ထမင်းကို လောင်းလှူလိုက်ပါတယ်။ ပြီးတဲ့အခါ ပုဏ္ဏားက “အရှင်ဘုရား….အရှင်ဘုရားတရားဟောတဲ့အခါ ဘိက္ခု လို့ခေါ် ခေါ်ပြီးဟောတော့ ရဟန်းများသာပါတာလာဘုရား၊ တပည့်တော်တို့ လူဝတ်ကြောင်တွေလဲမပါဘူးလား”
 မေးလျှောက်တယ်။ဘုရားရှင်က ပုဏ္ဏားအားတရားဟောဖို့အတွက် ပုဏ္ဏားရဲ့ရှေးပြုခဲ့တဲ့ကုသိုလ်တွေကို ဥာဏ်တော်နဲ့ ပြန်လည် ဆင်ခြင်တော်မူပါတယ်။ ပုဏ္ဏားလင်မယားဟာ တစ်ခုသော ဘ၀တုန်းက ရုပ်နာမ်နဲ့စပ်ပြီးတရားနာခဲ့ဖူးတာကို မြင်တော်မူပါတယ်။ ဒါနဲ့် ဘုရားရှင်က ပုဏ္ဏားအား ဘိက္ခုလို့ ခေါ်ရတဲ့အကြောင်း အရင်းနဲ့အတူ ရုပ်နာမ်နဲ့စပ်တဲ့တရားဒေသ နာတော် ကို ဟောကြားတော်မူလိုက်ပါတယ်။ တရားအဆုံးမှာ ပုဏ္ဏား လင်မယား တရားထူးများရသွားကြပါတယ်။ဒါဟာအတိတ် ဘ၀က တရားနာခဲ့ရတဲ့အကျိုးကျေးဇူးကြောင့်ဖြစ်တယ်။ ဒါနဲ့စပ်ပြီး ပါထေယျပါဠိတော်မှ တရားရနိုင်တဲ့အင်္ဂါလေးချက်ကို
 ဖေါ်ပြထားပါတယ်။ ဒါကိုသိရင် သဘောပေါက်သွားမှာပါ။ (၁)သူတော်ကောင်းကို မှီဝဲ ဆည်းကပ်ရမယ်။ 
(၂) သူတော်ကောင်းတရားကို နာကြားရမယ်။ 
(၃) ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတတ်ရမယ်။ (၄)မဂ်ဖိုလ်နိဗ္ဗာန်အားလျော်သော ကျင့်ဝတ်ရှိရမယ်။ (ပါထေယျပါဠိတော်၊ နှာ၊၁၉၀) ဒါကြောင့် ကုသိုလ်များအနက် မဂ်ကုသိုလ်တိုင်အောင် ရချင်တယ်ဆိုရင် အထက်ပါ အင်္ဂါလေးချက်နဲ့အညီ နေထိုင်ကျင့်သုံးသွားပါမယ်။။ အမေး(အကြွေးမဆပ်ရင် သံသရာမှာဘယ်လိုခံရမလဲ )   အကြွေးမဆပ်ဘဲ သေဆုံးသွားရင် သံသရာမှာ အကြွေးဆပ်ရတတ်ပါတယ်။ အထူးသဖြင့်အပါယ်ကျရောက်တတ်ပါတယ်။ အကြွေးပေး သူက ခွင့်မလွတ်ဘဲ ဒေါသ အာဃာတတရား ထားနေမယ်ဆိုရင်လဲ အပါယ်ကျတတ်ပါတယ်။ ဒေါသအာဃာတဆိုတာ မထားကောင်းပါဘူး။ဘုရားရှင်လက်ထက်က
 ဒေါသအာဃာတကြောင့် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်သတ်ရင်း တစ်ဘ၀ပြီးတစ်ဘ၀ ဖြစ်ခဲ့သေခဲ့ရတယ်ဆို တဲ့အကြောင်းကို ဓမ္မာပဒအဋ္ဌကထာ ကာဠယက္ခိနီဝတ္ထုဖြင့် သိနိုင်ပါတယ်။တကယ်လို့ ခွင့်လွတ်မယ်ဆိုရင်တော့ စိတ်ထားကောင်းတဲ့အတွက် ဘ၀သံသရာမှာ ကျင်လည်ရပေမဲ့လဲ ခုနင်ကလို ဒုက္ခမဖြစ်နိုင်ပါ။ဒီတော့ အကြွေးပေးတဲ့ သူက ခွင့်လွတ်တာဖြစ်စေ၊ ခွင့်မလွတ်တာဖြစ်စေ အကြွေးမဆပ်လိုက်ရဘဲ သေသွားမယ်ဆိုရင် အပါယ်လေးပါး အနက်တစ်ပါးပါးကျရောက်တတ်ပြီး သံသရာမှာ ပုံစံအမျိုးမျိုးနဲ့ အကြွေးပြန်ဆပ်ရတတ်ပါတယ်။ ဒါနဲ့စပ်လို့ တောင်တွင်းကြီးမြို့ရဲ့အနောက်မြောက်ဘက် ဆယ်မိုင်လောက်အကွာမှာ ချောင်းဆုံရွာဆိုတာရှိတယ်။ အိမ်ခြေလေးရာ လောက်ရှိတယ်။ ဒီရွာမှာ ငညိုနဲ့ကံကြီးဆိုတဲ့သူငယ်ချင်းနှစ်ယောက်ရှိတယ်။သူတို့ဟာ ကွမ်းထမ်းအလုပ်ကို လုပ်ကိုင်ကြတယ်။ တစ်နေ့ ကွမ်းထမ်း ရောင်းရာကပြန်အလာ စားစရာဆန်မရှိတော့တဲ့အတွက် ကံကြီးက သူငယ်ချင်းဖြစ်သူ ငညိုဆီမှာ ဆန် တစ်စလယ်ချေးပြီး ချက်စားပါတယ်။ ဒီလိုနဲ့ ကံကြီးဟာ အကြွေးယူထားတဲ့ဆန်ကို အဆင်ပြေတဲ့တစ်နေ့ပြန်ဆပ်ဖို့ စိတ်ကူးထားပါတယ်။ အကြွေးပြန်မဆပ်သေးမီမှာပဲ ပိုးထိလို့ သေဆုံးသွားရှာတယ်။ ဒီတုန်းကသူတို့အသက်ဟာ ၂၀ ၀န်းကျင်လောက်ပဲရှိပါဦးမယ်။ ဒီလိုနဲ့ ငညိုအိမ်မှာ ကြက်သွားဖြစ်တယ်။ သေခါနီး အကြွေးယူထားတဲ့ ဆန်တစ်စလယ်ကို စွဲသွားဟန်တူပါတယ်။ ကြက်လေးဟာ တိုက် ကြက်ဖြစ်တဲ့အတွက် ငညိုက အခြားကြက်တွေနဲ့တိုက်တယ်။ သုံးကြိမ်တိတိအနိုင်ရခဲ့ပါတယ်။ ဒါဟာ ကံကြီးတစ်ဖြစ်လဲ ကြက်လေးဟာ သူ့သခင် ငညိုကို ကြက်တိုက်ပြီး အကြွေးပြန်ဆပ်နေရတာပါ။ ဒီလိုနဲ့ လေးကြိမ်မြောက် ကြက်တိုက်ရာမှာ ပြိုင်ဘက်ကြက်က အသက်ကလဲကြီး၊ အားကလဲ ကြက်လေးထက်အများကြီးသာတာဆိုတော့ ရှုံးသွားပါတယ်။ အဲဒီမှာ ငညိုက ကြက်တိုက်ရှုံးတဲ့အတွက် သူ့ကြက်ရဲ့ ခြေနှစ်ချောင်းကိုကိုင်ပြီး ရိုက်သတ်လိုက်တယ်။ ကြက်လေး မသေမရှင်ဖြစ်နေတဲ့အချိန်မှာ ငညိုရဲ့နွားမတစ်ကောင်က ကြက်လေးကို လာနမ်းပါတယ်။ အဲဒီမှာပဲ ကြက်ကလေးသေပြီး နွားမ၀မ်းမှာ သွားဖြစ်တယ်။ အချိန်တန်တော့ နွားမလေးတစ်ကောင်ပေါက်လာတယ်။ အရွယ်ကြီးအတော်အတန်ကြီးလာတဲ့အခါ ငညိုသူငယ်ချင်း များက လေးကျပ်နဲ့ပေးဝယ်ပြီး နွားမကလေးကို သတ်စား လိုက်ကြတယ်။ ဒီလိုနဲ့ လှီးဖြတ်ပြီး အမဲဖျက်နေတဲ့ အချိန်မှ တောင်တွင်းကြီးက စာရေးကြီးနဲ့စာရေးကတော် တို့ရောက်လာတယ်။ သေခါစနွားမကလေးရဲ့အသား တဆတ်ဆတ်တုံနေတာကို ကြည့်ပြီး နွားမကလေးအပေါ်မှာ ကရုဏာသက်မိကြတယ်။ စာရေးကတော်က “ငါ့နွားသာဆိုရင် မသတ်ဘူး၊ သူ့အလိုလိုပဲသေပါစေ၊ သေရင်လဲ အခုလိုမျိုး မရောင်းစားဘူး၊ မြေမြုပ်ပင့်မယ်” လို့ သနားကရုဏာစိတ် နဲ့ပြောပါတယ်။ ဒါနဲ့ မကြာမီမှာပဲ စာရေးကတော်ကြီးမှာ ကိုယ်ဝန်ရလာပါတယ်။ အချိန်တန်တော့ သားယောင်္ကျားလေး မွေးပါ တယ်။ သားကလေးဟာ ခုနှစ်နှစ်အရွယ်အထိ စကားလုံးဝ မပြောပါဘူး။ တစ်နေ့တော့ ဖခင်က “သားမင်းကစကားလဲမပြောဘူး။ ဒီနေ့အဖေတို့လခထုတ်ရမယ်လေ၊ လခထုတ်ပြီးရင် အ၀တ်လှလှလေးတွေ သားအတွက်ဝယ်လာခဲ့မယ်” ဆိုပြီး ညနေပြန်လာတဲ့အခါ “သားကလေး..ဒီမှာသားအတွက် အ၀တ်လှလှလေးတွေလေ ယူပါ။ ပီးတော့ စကားလဲပြောပါလား သားကလေး” လို့ အဖေဖြစ်သူက မေးတော့ သားကလေးက “ ငညို ဆန်တစ်စလယ်” လို့ပြောပါတယ်။ တိုတိုပြောရရင် အဖေက “သားရယ် သားကသာ စကားပြောပါ။ ဆန်တစ်စလယ်မက ဆန်တစ်အိပ် အကြွေးဆပ်ပေးပါ့မယ်” လို့ သားအားပြောသတဲ့။ ဒီလိုနဲ့ သားကလေးဟာ ငညိုအိမ်ကို အခုပဲသွားပြီး အကြွေး ဆပ်ချင်တယ်ဆိုလို့ တဲ့အတွက် အဖေက ဆန်တစ်အိတ်ကို လှည်းပေါ်တင် ပြီး သားကလေးလမ်းညွန်တဲ့အတိုင်းလာလိုက်တာ
 ချောင်းဆုံရွာကို ရောက်လာတယ်။ ရွာထဲရောက်တော့ ဒီက၀င် ဟိုကထွက် ဆိုပြီး သားကလေး ညွန်တဲ့လမ်းအတိုင်း လာခဲ့ရာ ဦးညိုအိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ်။ အိမ်ထဲက လူကြီးတစ်ယောက်ထွက်လာတယ်။ အဖေက “ဒါက ဦးညိုဟုတ်ပါ သလားခင်ဗျ” ဆိုတော့ ဦးညိုက “ဟုတ်ပါတယ်ချင်ဗျာ၊ အိမ်ထဲကို ကြွကြပါ” လို့ ပြောတော့ ကလေးလေးက “ဟဲ့..ငညို…မင်းငါ့ကို မှတ်မိသေးရဲ့လား” လို့ပြောတော့ သူ့အဖေလောက်ရှိတဲ့ငါ့ကိုများ ဒီလိုပြောရကောင်းလားဆိုပြီး ဦးညိုက စိတ်ဆိုးနေတော့ တယ်။ ဒိအချိန်မှာ စာရေးကြီးက “ ဦးညိုရေ စိတ်မဆိုးပါနဲ့ ဒီကလေးမှာ ထူးခြားတဲ့အကြောင်းရှိတယ်” လို့ ဦးညိုအားပြောကာ တောင်းပန်ရှာပါ တယ်။ အိမ်ပေါ်ရောက်တဲ့အခါ ကလေးက… “ ဟေ့ ..ငညို မင်းကငါ့ကို မမှတ်မိတော့ဘူးလား၊ ဟိုတုန်းက ကွမ်းထမ်းပြီးရောင်းကြတယ် ငါက မင်းဆီမှာ ဆန်တစ်စလယ်ချေးဖူးတယ် ။ အကြွေးမဆပ်ခင်မှာပဲ ငါပိုးထိလို့သေခဲ့ရတယ်။ မင်းအိမ်မှာကြက်ဖြစ်ရတယ်။ ကြက်ဖြစ်တဲ့အခါ မင်းကို သုံးပွဲအထိနိုင်အောင် ငါခွပ်ပေးခဲ့ပေမဲ့
 လေးကြိမ်မြောက်မှာ အားမတန်လို့ ငါရှုံးခဲ့တယ်။ မင်းက ငါ့ကို ရှုံးရကောင်းလားဆိုပြီး ရိုက်သတ်တယ်။ ငါမသေမရှင်ဖြစ်နေချိန်မှာ မင်းအိမ်က နွားမကြီးက ငါ့ကိုလာနမ်းတယ်။ ဒီလိုနဲ့နွားမကြီးဝမ်းမှာဖြစ်ရပြီး မွေးလာတော့ နွားမကလေးဖြစ်ခဲ့ရတယ်။ အရွယ်ရောက်တော့ မင်းတို့ကငါ့ကို သတ်စားကြတယ်။ အဲဒီချိန်မှာ စာရေးကြီးနဲ့စာရေးကြီးကတော်တို့ရောက်လာပြီး သနားစရာ စကား ပြောသွားပါတယ်။ နွားမဘ၀ကသေတော့ အခု ဟောဒီအမေအဖေရဲ့သားကလေးလာဖြစ်ရပါတယ်။ အခုမင်းအကြွေးဆန်တစ်စလယ်ပြန်ဆပ်ဖို့ လာတာ” လို့ ကံကြီးတစ်ဖြစ်လဲ ကလေးက ပြောပါတယ်။ ပြောသမျှအားလုံးက မှန်နေတဲ့အတွက် ဦးညိုဟာ သူပြုခဲ့သမျှတွေကို သတိရပြီး ငိုကြွေး ရှာပါတယ်။ (ဒီအကြောင်းကို ဦးညိုကိုယ်တိုင် ရေစကြိုမြို့နယ်က ဦးဘသွင်ကို ၁၃၁၃ ခုနှစ်လောက်မှာ ပြောကြားလိုက်ကြောင်း သိရပါတယ်)။ (ဓမ္မာစရိယဦးဌေးလှိုင်ရဲ့ ရတနာသုံးပါးကျေးဇူး) အကြွေးမဆပ်ရင် ဘ၀သံသရာမှာ အထက်ပါသာဓကလို ကြက်ခွပ်ပီးတော့ပဲဖြစ်စေ၊ အခြားတစ်မျိုးမျိုးနဲ့ဖြစ်စေ အကြွေးပြန်ဆပ် ရတတ် တယ်ဆိုတာပါပဲ၊ သံဝေဂအမြင် ရှင်သန်ပြီး တိုတောင်းလှတဲ့လူ့ဘ၀လေးမှာ ကောင်းအောင်နေ တတ်၊ပြောတတ် ၊တွေးတတ်ပါစေ။
 နိဗ္ဗာန်ဆိုတာ ရောက်နိုင်တဲ့ဘုံဌာနတစ်ခုလား (အမေး)  နိဗ္ဗာန်ဆိုတာ တည်နေရာ (ဘုံ)မရှိပါဘူး။ လူအများရောက်နိုင်၊ ရနိုင်ပြီး တကယ်လဲရှိတဲ့ သဘာဝအမှန်တရားတစ်ခုဖြစ်တယ်။ ဒါနဲ့စပ်ပြီး မိလိန္ဒမင်းက ရှင်နာဂသိန်ကို “ နိဗ္ဗာန်ဆိုတာ အမြဲအစွဲတည်ရာ ရှိပါသလား”လို့မေးတော့ ရှင်နာဂသိန်က “နိဗ္ဗာန်ဆိုတာ တည်ရာမရှိဘူး” လို့ မိန့်တော်မူတယ်။ဒီအခါ မိလိန္ဒမင်းက “အရှင်ဘုရား…တကယ်လို့နိဗ္ဗာန်ဟာ တည်ရာမရှိဘူးဆိုရင် နိဗ္ဗာန်လဲရှိမှာ မဟုတ်ဘူး။ နိဗ္ဗာန်မျက်မှောက် ပြုတယ်ဆိုတာလဲ တကယ်တော့ မှားတာဖြစ်လိမ့်မယ်။ဥပမာပြောရင် စပါးဆိုတာ သူရဲ့ဖြစ်ရာ စပါးပင်ရှိတယ်။အသီးဆိုတာ သူ့ရဲ့တည်ရာအပင်ရှိ တယ်။ဒါကြောင့်နိဗ္ဗာန်ဆိုတာလဲ တကယ်ဆိုရင် အမြဲတည်ရာရှိရမှာပါဘုရား” လို့ ရှင်နာဂသိန်ကိုမေးလျှောက်တဲ့အခါ ရှင်ဂသိန်က “မင်းကြီး…နိဗ္ဗာန်ဆိုတာ အမြဲတည်ရာမှီရာမရှိပါဘူး၊ ဒီလိုတည်ရာမှီရာအရပ်မရှိပေမဲ့ နိဗ္ဗာန်ဆိုတာ တကယ် ထင်ရှားရှိပါတယ်။ ဥပမာပြောရရင်… မီးဆိုတာ ထင်ရှားရှိတယ်။ ဒါပေမဲ့ ထိုမီးရဲ့ စွဲမြဲတည်ရာအရပ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ထင်းနှစ်ခုကို ပွတ်တိုက်ရင် မီးကို ရပါတယ်။ မီးချက်ဆံနဲ့ မီးချက်ကြုပ်ကို ခတ်လိုက်တဲ့အခါ ‘မီး’ ကိုရလာပါတယ်။ ဒီလိုပါပဲ နိဗ္ဗာန်ဆိုတာ တကယ်ထင်ရှားရှိတယ်။ဒါပေမဲ့သူ့မှာ တည်ရာအရပ် ဆိုတာ မရှိပါဘူး” လို့ မိန့်ကြားတော်မူပါတယ်။ ဒါကြောင့် နိဗ္ဗာန်ဟာ ရှေ့နောက်ဝဲယာ ထက်အောက် အရပ်တွေမှာ ရှိတယ်ဆိုတာ ဘယ်လိုမှ ပြောလို့မရပါဘူး။ ဘယ်နေရာမှာ နိဗ္ဗာန်ရှိ တယ်ဆိုတာ ပြောလို့မရပါဘူး။နိဗ္ဗာန်ဆိုတာ
 လောဘစတဲ့ကိလေသာ တို့ချူပ်ခြင်း သဘောရှိတယ်။ ဒီသဘောတရားကို ဘယ်နေရာမှာရှိတယ် ဆိုတာ ပြောလို့မရပါဘူး။ ညွန်ကြားလို့လဲမရဘူး။ တည်ရာအရပ်လဲမရှိပါဘူး။ နိဗ္ဗာန်လို့ပြောလိုက်ရင် ဘုံတစ်ခုအနေမျိုးနဲ့မမြင်မိစေနဲ့ ၊ ရောက်စရာဌာန တစ်ခုအနေနဲ့လဲမမြင်မိစေဖို့အရေးကြီးတယ်။ ဘာ့ကြောင့် ဆိုရင် နိဗ္ဗာန်ဟာသဘောတရားတစ်ခုသာဖြစ်နေ လို့ပါပဲ။ နိဗ္ဗာန်ရဲ့သဘောကိုပြောရရင်..နိဗ္ဗာန်ကို ပုထုဇဉ်တို့ဥာဏ်နဲ့ မမြင်နိုင်သော်လဲ ထူးတဲ့မဂ်ဥာဏ်ဖိုလ် ဥာဏ်နဲ့ (မဂ်ဖိုလ်ရတာနဲ့ တပြိုင်နက်) သိနိုင်မြင်နိုင်လောက်အောင် ထင်ရှားတဲ့သဘောရှိတယ်။ နိဗ္ဗာန်ဟာ ထင်ရှားတဲ့သဘောရှိပေမဲ့ ပကတိမျက်စိနဲ့ ဘယ်လိုနည်းနဲ့မှ မမြင်နိုင်ပါ။ နိဗ္ဗာန်ဟာဘယ်လိုချမ်းသာတယ်၊
 အေးမြတယ်၊မွန်မြတ်တယ် ဆိုတာကို ထပ်တူပြုဖို့ရာ ဥပမာလဲမရှိပါ။ စိတ်တစ်ခုမှာစတင်ဖြစ်ပေါ်တာရယ် ၊ မပျက်ခင်တည်နေတာရယ်၊ ပျက်သွားတာရယ်ဆိုပြီး သုံးပိုင်းခွဲလို့ရပေမဲ့ နိဗ္ဗာန်မှာတော့ ပိုင်းခြားဖို့အတွက် အပိုင်းဆိုတာမရှိပါ။ ဖြစ် တည် ပျက်ဆိုတာမရှိ၊ အမြဲသစ်လွင်နေတဲ့ သဘောရှိပါတယ် (သင်္ဂြိုဟ်ဘာသာ ဋီကာ၊နှာ၊၆၄၃)နိဗ္ဗာန်နဲ့စပ်ပြီး ထိုထက်စုံစုံလင်လင်သိချင်တယ်ဆိုရင် မိလိန္ဒပညှာမှာ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဥပမာ သရက်သီးတစ်လုံးရဲ့ အရသာကို မစားဘဲသိရတာထက် ကိုယ်တိုင်စားပြီးသိရတာက ပိုထိရောက်သလိုပါပဲ၊ နိဗ္ဗာန်အကြောင်းကို ဒီအတိုင်းလေ့လာနေ မဲ့အစား၊ ကိုယ်တိုင်ပဲ လေ့လာအားထုတ်ပြီး မဂ်ဖိုလ် ရအောင်ကြိုးစားနိုင်ရင်မယ်ဆိုရင် ပိုပြီးထိရောက်မှာပါ။ ရှစ်ပါးသီလအဓိပ္ပါယ်ကို သိချင်ပါတယ်။ ပြီးတော့ငါးပါးသီလမှာ ကာမေသုမိစ္ဆာစာရ လို့ပါပြီး၊ ရှစ်ပါးသီလကျတော့ ကာမေသု သိက္ခာပုဒ်နေရာမှာ အဗြဟ္မစရိယလို့ ပါနေပါတယ်၊ ဒီသိက္ခပုဒ်နှစ်ခုမတူပုံကို သိချင်ပါတယ်ဘုရား။ကိုးပါးသီလကိုလဲ သိချင်ပါတယ် ဖြေကြားပေးတော်မူပါဘုရား။ သိန်းသိန်းမြင့်(မန္တလေးမြို့)
အဖြေ။ ။လူတို့အတွက်စောင့်ထိန်းသင့်တဲ့ ကိုယ်ကျင့် တရားအကြောင်းကို စုံစုံစေ့စေ့သိသင့်ပါတယ်။ အချို့က သီလ သာစောင့်ထိန်းကြတယ်သီလအကြောင်း သေသေ ချာချာ မသိကြဘူး။ ပထမဦးစွာ ငါးပါး သီလကို ပြောပါ့မယ်။ 
ငါးပါးသီလပါဏာတိပါတ =သူတစ်ပါး အသက်သတ်ခြင်း မှရှောင်ကြဉ်ပါ၏။လူ့ရဲ့အသက်သာမဟုတ် မိမိမှတစ်ပါး အခြားအသက်ရှိ သတ္တ၀ါဟူသမျှကို သူတစ်ပါးအသက် လို့ ဆိုလိုပါတယ်။ဒါကြောင့် အသက်ရှိသတ္တ၀ါမှန်ရင် တိရစ္ဆာန်အမျိုးမျိုး၊ ကြမ်းပိုး၊သန်းဥ၊ခရု၊ ယောက်သွား၊ကျွဲ၊ နွားစတဲ့သက်ရှိ
သတ္တ၀ါမှန်သမျှ မသတ်ရပါ။
အဒိန္နာဒါနာ = သူတစ်ပါးမပေးသောဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။ဒီသိက္ခာပုဒ်မှ သူတစ်ပါးဆိုရာမှာ မိမိမှတစ်ပါး လူ၊နတ်၊တိရစ္ဆာန်ဟူသမျှကို သူတစ်ပါး လို့မှတ်ရပါမယ်။ သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။ ဓားပြတိုက်ယူ ခြင်း။ ညာဖြန်းလှည့်ပတ်ယူခြင်း။ကူးသန်းရောင်းဝယ်ရာမှာ တင်းတောင်း ချိန်ခွင် အလေး ခိုးတာတွေ၊ ရောင်းကုန်တိုးအောင် ရေထိုးခြင်းစတဲ့ မရိုးသားမှုမှန်သမျှ ကို အဒိန္နာဒါနချည်း မှန်ရပါမယ်။အဗြဟ္မစရိယာ = မမြတ်တဲ့မေထုန်အကျင့်မှ ရှောင်ကြဉ်ပါ၏။မေထုန်အကျင့်နဲ့စပ်ပြီး မေထုန်ဆိုတဲ့မြန်မာစကားကို ပါဠိလို ‘မေထုန’ အချင်းချင်းကိစ္စ လို့အဓိပ္ပါယ်ရပါတယ်။ မိန်းမယောင်္ကျားနှစ်သား ပျော်ပါး ပေါင်သင်း ဆက်ဆံခြင်း မမြတ်တဲ့မေထုန်အကျင့်လို့ ခေါ်ပါတယ်။ ဒီသိက္ခာပုဒ်က မမြတ်တဲ့မေထုန်အကျင့်မှ လုံးဝ ရှောင်ကြဉ်ရပါတယ်။မုသာဝါဒ = မဟုတ်မမှန်တဲ့စကားဖြင့်လိမ်လည်လှည့်ပတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။ မဟုတ်မမှန်တဲ့စကား ဆိုတာက နှုတ်နဲ့ဖြစ်စေ၊ စာရေးလို့ဖြစ်စေ၊ ကိုယ် လက်စတာတွေကို လှုပ်ပြလို့ဖြစ်စေ၊ လိမ်သမျှ ညာဖြန်းသမျှပါဝင်ပါတယ်။ဒီသိက္ခာပုဒ်နဲ့စပ်လို့ သူတစ်ပါးအကျိုး ပျက်သွားအောင် လိမ်ခြင်းမုသားပြောခြင်းမျိုးသာ အပါယ်ရောက်ကြောင်းဖြစ်ပါတယ်။ ကိုယ့်ဥစ္စာမပေးလိုတဲ့ အတွက် လိမ်လည်တဲ့မုသားမျိုး၊ ပြက်ရယ်ပြောင်လှောင်တဲ့မုသားမျိုး။ သူတစ်ပါးအကျိုးစီးပွားကို မပျက်စေဘဲ မိမိအပြစ်လွတ်အောင်လိမ်ရတဲ့ မုသားမျိုး။ မိဘများက သားသမီးများ ရုပ်ရှင်ပွဲစတာတွေ သွားတဲ့အခါ အပြစ်ဖြစ်မှာကို မြင်တဲ့အတွက် မသွားချင်အောင် လှည့်ပတ်ပြောဆိုရတဲ့ မုသားမျိုးတွေဟာ ပြောလောက်အောင် အပြစ်မကြီးပါ။ ဒါပေမဲ့ သိက္ခာပုဒ်တော့ ပျက်ဖွယ်ရှိပါတယ်။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ = မူးယစ်စေတတ် ၊မေ့လျော့စေတတ်သော သေရည်အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။ဒီသိက္ခာပုဒ်မှာ သုရာ+မေရယ နဲ့စပ်လို့ မူးယစ်စေတတ်တဲ့အရာများနဲ့ စီရင်ထားတဲ့ ထန်းရည်၊ ပေရည်၊ ဓနိရည်စတာကို (သုရာ) သေရည် လို့ခေါ်ပါတယ်။ မူးယစ်အောင် စီရင်ရတဲ့ ပန်းပွင့်ရည်၊စပျစ်ရည်စတာတွေကို (မေရယ)အရက် လို့ခေါ်ပါတယ်။ဒါ့ပြင် ယခုကာလသုံးစွဲနေကြတဲ့ ကဇော်၊ဘိန်း၊ကုတ်ကင်း၊ဆေးခြောက် မာဖီးယားစတာတွေကို ဒီသိက္ခာပုဒ်အရ ယူရပါမယ်။ဝိကာလဘောဇန= နေ့လွဲတဲ့အခါ စားခြင်းမှ ရှောင်ကြဉ်ပါ၏နေလွဲဆိုတာက မွန်းတည့် ၁၂ နာရီမှ နံနက်အရုဏ်တက်တဲ့အချိန်အထိ နေလွဲအခါလို့ ဆိုပါတယ်။ ထိုနေလွဲအချိန်အတွင်း အဖျော်ရည်၊ဆေး၊စတုမဓုမှအပ ဟင်း၊ထမင်း၊ဟင်းလျာ၊ကွမ်း၊ဆေး၊ လက်ဖက်၊သစ်သီးဟူသမျှ မစားရတော့ပါ။ ထမင်းဟင်း သရေစာချက်လို့ရတဲ့ သစ်သီးသစ်ရွက်များကိုစားရင် ဒီသိက္ခာပုဒ်ပျက်ပါတယ်။ အကြောင်းမရှိဘဲ ဖျော်ရည်၊ စတုမဓု၊ ထန်းလျက်၊ သကြား၊ ချင်းသုပ်၊ကွမ်း၊ဆေးစတာတွေ ကို စားရင် ဒီဝိကာလသိက္ခာပုဒ်ညှိုးပါတယ်။ လုံးလုံးပျက်သွားတာတော့မဟုတ်ပါ။ သစ်ပင်ညှိုးရင် အသီးနည်းသလို ဥပုသ်ညှိုးရင် အကျိုးရနည်း တတ်ပါတယ်။နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန =အကုသိုလ်များကြောင်းမကောင်းမှုဖြစ်တဲ့ ကခြင်း သီချင်းဆိုခြင်း၊ တီးမှုတ်ခြင်း၊ ဘုရားအဆုံးမတော်နဲ့ဆန့်ကျင် ဘက်ဖြစ်တဲ့ ကြည့်ရှုနားထောင်ခြင်းတွေမှာ ရှောင်ကြဉ်ပါ၏။ ဒီသိက္ခပုဒ်မှာ တမင်ကြည့်တာမဟုတ်ဘဲ အလုပ်ကိစ္စနဲ့သွားရင်းလာရင်း တွေ့မြင်မယ်၊ ကြားမိမယ်ဆိုရင်တော့ သီလမပျက်ပါ။ ဒါပေမဲ့တမင်တကာ မမြင်တာကို မြင်အောင် လှည့်ကြည့်တာကတော့ သိက္ခာပုဒ်ပျက်ပါတယ်။ မာလာ ဂန္ဓ ၀ိလေပန ဓရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ =အကုသိုလ်ဖြစ်ကြောင်းဖြစ်တဲ့ ပန်းပန်ခြင်း၊ နံသာပျစ်တို့နဲ့ နိမ့်ရာအရပ်မှာ ဖို့သိပ်ခြင်း၊ နံသာရည်-နံ့သာမှုန့်တို့ကို လိမ်းကျံခြယ်လှယ်ခြင်းတို့ ရှောင်ကြဉ်ပါ၏။ ဒီနံ့သာစတာတွေ လိမ်းကျံရာမှာ အနာရောဂါရှိလို့ဖြစ်စေ၊ ကိုယ်အနံ့မကောင်းလို့ဖြစ်စေ၊ ရောဂါနဲ့ကိုယ်အနံ့တို့ကို ကာကွယ်တဲ့အနေနဲ့သုံးကောင်းပါ တယ်။ ရေမွှေး၊ဆပ်ပြာစတာတွေလဲ ထိုနည်းတူပါပဲ။ အကြောင်းမရှိဘဲ လိမ်းကျံရင်တော့ ဒီသိက္ခာပုဒ်ပျက်ပါတယ်။ဥစ္စာသယန မဟာသယန = မြင့်တဲ့နေရာ မြတ်တဲ့နေရာမှာ အိပ်ခြင်း နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ၏။မြင့်တဲ့နေရာဆိုတာက တစ်တောင့်ထွာထက်ရှည်တဲ့ ခုတင် ကုလားထိုင် ထိုင်ခုံများဖြစ်ပါတယ်။ မြတ်တဲ့နေရာဆိုတာက လက်လေးသစ်မကအမွေးရှည်တဲ့ သားမွေးအခင်း၊ ခြင်္သေ့၊ကျားစတဲ့အရုပ်များနဲ့ခမ်းနားဆန်းကြယ်အောင်စီမံထားတဲ့ သားမွေးအခင်း၊ ရွှေချည် ငွေ ချည်တို့နဲ့ချူပ်လုပ်ထားတဲ့ ပိုးအခင်းများ လဲဝါဂွမ်းသွတ်ထားတဲ့မွေ့ရာများဖြစ်တယ်။ ဒါကြောင့်ရိုးရိုးသာမန်ပိုးအခင်း၊ အုန်းဆံသွတ်ထားတဲ့မွေ့ရာ များကိုတော့ သုံးကောင်းပါတယ်။ ဒီမှာပဲ ရှစ်ပါးသီလအကြောင်း ခဏရပ်ကြစို့ရဲ့။ နောက်တစ်ခု ကာမေသုမိစ္ဆာစာရနဲ့ အဗြဟ္မစရိယသိက္ခာပုဒ်နှစ်ခုရဲ့ ခြားနားချက်ကို ပြောရမယ်ဆိုရင်.. ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်အရ မိမိကာမပိုင် လင်ယောင်္ကျား၊ ဇနီးမယားမှတစ်ပါး အခြား ယောင်္ကျားမိန်းမတို့နဲ့ ပေါင်းသင်းဆက်ဆံခြင်းကို မပြုရတာပါ။ မိမိတို့ဇနီးခင်ပွန်းအချင်းချင်း ပေါင်းဖက်ဆက်ဆံလို့ ရပါသေးတယ်။ အဗြဟ္မစရိယသိက္ခာပုဒ်ကတော့ အခြားတစ်ပါးဖြစ်တဲ့ မိန်းမယောင်္ကျားများကို မဆိုထားနဲ့၊ မိမိတို့ဇနီးခင်ပွန်း အချင်းချင်း ပေါင်းသင်းဆက်ဆံ ခြင်းကိုတောင်မှ လုံးဝ မပြုလုပ်ရ၊ မေထုန်အမှုက လုံးဝရှောင်ကြဉ်ရပါတယ်။ ဒါဟာ ကာမေ သုမိစ္ဆာစာရနဲ့အဗြဟ္မစရိယ သိက္ခာပုဒ်နှစ်ခုရဲ့ ထူးခြားချက်ပါပဲ။ ကိုးပါးသီလ=ကိုးပါးသီလဆိုတာ အထက်ကဆိုခဲ့တဲ့ ရှစ်ပါးသီလအပြင် ယထာဗလံ မေတ္တာသဟဂတေနစေတသာ သဗ္ဗာဝန္တံ လောကံ ဖရိတွာ ၀ိဟရာမိ လို့ တစ်ခုထပ်တိုးလိုက်ပါတယ်။ အဓိပ္ပါယ်က “စွမ်းနိုင်သလောက် မေတ္တာစိတ်ဖြင့် သတ္တ၀ါတို့ရှိတဲ့ သတ္တလောကကြီးကို ဖြန့်ပြီးနေပါ့မယ်” လို့ ဆိုပါတယ်။ယခုခေတ်ကာလ အများစောင့်သုံးနေကျတဲ့ ရှစ်ပါးသီလဥပုသ်မှာ မေတ္တာကိုထည့်ရင် ကိုးပါးဖြစ်သွားပါတယ်။ ဒါကိုပဲ န၀င်္ဂဥပုသ် လို့ခေါ်ပါတယ်။ န၀င်္ဂဥပုသ်ကို န၀ကအင်္ဂုတ္ထိုရ်ပါဠိတော်မှာ တိုက်ရိုက်လာပါတယ်။ ဥပုသ်သီလမှာ မေတ္တာထည့်ထားရတဲ့အကြောင်းက ထိုခေတ် က ဥပုသ်သည်တို့ရဲ့ အလိုကျအောင် ထည့်ရခြင်းဖြစ်ဟန် တူပါတယ်။ အမှန်တော့ မေတ္တာဟာ ပါဏာတိပါတစတဲ့သိက္ခာပုဒ်တို့လို သိက္ခာပုဒ်တစ်ခုမဟုတ်ပါ။ဘာ့ကြောင့်ဆိုရင် ရှစ်ပါးသီလဥပုသ်က တစ်နေ့လုံးရှောင်ကြဉ်နိုင်ပါတယ်။ ဒါပေမဲ့ မေတ္တာနဲ့နေမယ်လို့စောင့်ထိန်းထားတဲ့သူဟာ မေတ္တာနဲ့ တစ်နေ့လုံး မနေနိုင်ပါ။ ဒါကြောင့် မေတ္တာဟာ သိက္ခာပုဒ် မဟုတ်ပါ။ မေတ္တာအမွန်းတင်ပြီး စောင့်သုံးတဲ့ဥပုသ်သီလဟာ ရိုးရိုးဥပုသ်ထက် အကျိုးများတဲ့အတွက်ကြောင့် ဘုရားရှင်လက်ထက်က န၀င်္ဂဥပုသ်ကို စောင့်သုံးခဲ့ကြပါတယ်။
(ရတနာ့ဂုဏ်ရည်၊ မဟာဂန္ဓရုံဆရာတော်) 
မနာလိုတာနဲ့သ၀န်တိုတာအတူတူလား မနာလိုတာနဲ့ဝန်တိုတာ အတူတူလား အမေး။
အဖြေ။ ။(၁) မနာလိုတာနဲ့ သ၀န်တိုတာ အတူတူ မဟုတ်ပါဘူး။ မနာလိုခြင်းဆိုတာက သူတစ်ပါးကောင်းစားနေတာကို မနာလိုတဲ့သဘောကို ပြောတာပါ်။ ဒါကိုပဲ ပါဠိလို ဣဿာ လို့ခေါ်ပါတယ်။ သ၀န်တိုတယ်ဆိုတာ တကယ်တော့ ၀န်တိုတာကို ပြောတာဖြစ်တယ်။ ၀န်တိုတယ်ဆိုတာ မိမိပိုင်ဆိုင်တဲ့ သက်ရှိသက်မဲ့ပစ္စည်းများ သူတစ်ပါးကို ပေးရမှာ နှမြောတွန့်တိုတဲ့သဘော ပြောတာပါ။ ဒါကိုပဲ ပါဠိလို ‘မစ္ဆရိယ’ လို့ခေါ်ပါတယ်။ နားလည်အောင်အကျယ်ရှင်းပြပါအုံးမယ်။ မနာလိုမှု ဣဿာဆိုတဲ့ မနာလိုမှုဟာ ပရသမ္ပတ္တိဥဿူယနလက္ခဏာ= သူတစ်ပါးရဲ့ပြည့် စုံတာ ကောင်းစားချမ်းသာတာကို ငြူစူခြင်း သဘောလက္ခဏာ ရှိပါတယ်။ သူတစ်ပါးကောင်းစားချမ်းသာတာကို အလိုမရှိတဲ့အတွက် သူတစ်ပါးကို ရန်မူချင်တယ်။သူတစ်ပါးစည်းစိမ်ချမ်းသာကိ ဖျက်ဆီးပစ်ချင်တယ်။ ဒီလိုမနာလိုတဲ့စိတ်ဖြစ်နေရင် ကိုယ့်မှာလဲ ဆင်းရဲတယ်။ထို့အတူ မနာလိုတဲ့သူက နှောက်ယှက် ဖျက်ဆီးတဲ့အတွက်ကြောင့် စီးပွားဥစ္စာပြည့်စုံတဲ့သူမှာလဲ ဆင်းရဲဒုက္ခရောက်တတ်တယ် ပရသမ္ပတ္တိအနဘိရတိရသာ= သူတစ်ပါးရဲ့ပြည့်စုံတာ၊ကောင်းစားချမ်းသာတဲ့အပေါ်မှာ မပျော်မွေ့ခြင်းကိစ္စရှိတယ်လို့ ဆိုတဲ့အတိုင်း မနာလိုတဲ့သူက သူတစ်ပါး ချမ်းသာတာကို မမြင်ချင်ဘူး၊မကြားချင်ဘူး၊မတွေ့မသိချင်ဘူး။
 မြင်ရ၊ကြားရ၊တွေ့နေရရင် စိတ်မချမ်းသာဘဲ မနေသာဘဲ ဖြစ်နေတတ်တယ်။ ပရသမ္ပတ္တိဝိမုခပစ္စုပဋ္ဌာနာ=သူတစ်ပါး ကောင်းစားချမ်းသာတာကို မကြည့်လိုဘဲ မျက်နှာလွဲတဲ့အနေဖြင့် ထင်ပေါ်နေပါတယ်။ ၀န်တိုမှု=၀န်တိုမှုရဲ့လက္ခဏာက မိမိပိုင်နက်ကို သူတစ်ပါး မသိရအောင် လျှို့ဝှက်ထားလိုတဲ့သဘော လက္ခဏာရှိတယ်။ သက်ရှိသက်မဲ့ မိမိပိုင်နက်ကို သူတစ်ပါးနဲ့ မဆက်ဆံစေချင်တာ ဆက်ဆံသွားမှာကို သည်းမခံနိုင်တာဟာ ၀န်တိုမှုရဲ့ ကိစ္စ သူ့အလုပ်ပါပဲ။ သူတစ်ပါးအား ပေးကမ်းရေး ဆက်ဆံစေရေးနဲ့စပ်ပြီး တွန့်ဆုတ်တဲ့အနေဖြင့် ထင်ရှားတဲ့ အခြင်းအရာရှိတယ်။ ၀န်တိုမှု ဆိုတဲ့ မစ္ဆရိယက ငါးမျိုးတောင်ရှိတယ် သိသင့်တယ်ထင်လို့ အလျဉ်းသင့်တုန်းဖေါ်ပြပေးလိုက်ပါတယ်။ မစ္ဆရိယငါးမျိုးမှာ… (က)အာဝါသမစ္ဆရိယ-နေရာနဲ့စပ်ပြီးဝန်တိုမှုရှိခြင်း။ မိမိနေရာမှာ သူတစ်ပါးအား မနေစေချင်တာကို အာဝါသမစ္ဆရိယ လို့ခေါ်တယ် (ခ)ကုလမစ္ဆရိယ-ချစ်ခင်ရင်းနှီးသူများနဲ့စပ်ပြီးဝန်တိုခြင်း။ မိမိချစ်ခင်ရင်းနှီးတဲ့သူက တစ်ခြားသူနဲ့ရင်းနှီးသွားမှာကို မလိုလားတာကို ကုလမစ္ဆရိယ လို့ခေါ်တယ်။ 
(ဂ) လာဘမစ္ဆရိယ-လာဘ်လာဘ စီးပွားဥစ္စာနဲ့စပ်ပြီးဝန်တိုခြင်း။ မိမိနဲ့အလွန်ရင်းနီးသူက သူတစ်ပါးအား ပစ္စည်းဥစ္စာများသွားပေးတာကို သည်းမခံနိုင်တာကို လာဘမစ္ဆရိယ လို့ခေါ်ပါတယ်။ 
(ဃ)၀ဏ္ဏမစ္ဆရိယ-ချီးမွမ်းဖွယ်ဂုဏ်နဲ့စပ်ပြီးဝန်တိုခြင်း။ မိမိလှပသလို သူတစ်ပါးအား မလှပစေချင်တာ၊ သူတစ်ပါးလှပကြောင်း မပြောလို မကြားလိုတာ၊မိမိမှာ ချီးမွမ်းဖွယ်ဂုဏ်ရှိသလို သူတစ်ပါးအား ဂုဏ်မရှိစေချင်တာကို ၀ဏ္ဏမစ္ဆရိယ လို့ခေါ်ပါတယ်။ 
(င)ဓမ္မမစ္ဆရိယ-တတ်သိတဲ့စာပေပညာနဲ့စပ်ပြီးဝန်တိုခြင်း။ စာပေအတတ်ပညာအရာမှာ မိမိတတ်သလို သူတစ်ပါးကို မတတ်စေချင်တာ၊ မသိစေချင်၊ မတတ်စေချင်လို့ လျှို့ဝှက်တာကို ဓမ္မမစ္ဆရိယ လို့ခေါ်ပါတယ်။ ဒီလောက်ဆိုရင် နံပတ်(၁)အမေးအတွက် ရှင်းလင်းသဘောပေါက်လောက်ပါပြီ။ (၂)မနာလိုတာတွေဘာကြောင့်ဖြစ်ရတာလဲ။ တစ်ခါက သတ္တ၀ါတွေမှာ ဆင်းရဲရတဲ့အကြောင်းနဲ့ပတ်သက်ပြီး၊ ဣဿာ၊ မစ္ဆရိယတရားတွေဟာ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကို သိကြားမင်းက ဘုရားရှင်အား မေးလျှောက်ပါတယ်။ ထိုအခါ ဘုရားရှင်က မနာလို ၀န်တိုမှုတွေဟာ ချစ်စရာနဲ့ မုန်းစရာကြောင့်ဖြစ်တယ် ဟောတော်မူခဲ့ပါတယ်။ ချစ်စရာမုန်းစရာမရှိရင်မဖြစ်ဘူးလို့ဆိုလိုတာပါ။
ချစ်စရာဆိုတာကချစ်စရာကောင်းတဲ့အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေ. အစရှိတဲ့သက်မဲ့အာရုံကောင်းတွေနဲ့သက်ရှိပုဂ္ဂိုလ်တွေဖြစ်တယ်။ မုန်းစရာဆိုတာက မုန်းစရာကောင်းတဲ့အဆင်း၊ အသံ၊အနံ့၊အရသာ၊အတွေ့စတဲ့ သက်မဲ့အာရုံဆိုးတွေနဲ့သက်ရှိပုဂ္ဂိုလ်တွေ ဖြစ်တယ်။ မိမိမှာ ပြည့်စုံနေတဲ့ ချစ်စရာကောင်းတဲ့အာရုံနဲ့ မိမိရင်းနှီးတဲ့အခြွေအရံတွေကို မိမိမုန်းတဲ့သူအား မရစေချင်၊ မနီးစပ်စေချင်တဲ့အနေဖြင့် ၀န်တိုမှု မစ္ဆရိယ ဖြစ်ပါတယ်။ဒါဟာ မုန်းတဲ့သူကို အကြောင်းပြုပြီးဖြစ်တဲ့ မနာလိုမှုပဲဖြစ်တယ်။ မိမိချစ်မြတ်နှိုးတဲ့ သက်မဲ့အဆင်း၊အသံစတာတွေနဲ့ အခြွေအရံအသင်းအပင်းစတာတွေထက် တစ်ပါးသူက သာသွားမှာကို မနာလိုတာပါ။ အဲဒါကိုဣဿာလို့ခေါ်တယ်။ မိမိချစ်မြတ်နိုးတဲ့စည်းစိမ်တွေကို တစ်ပါးသူအား မရစေချင်တာ ၀န်တိုမှုဖြစ်တာပါ။အဲဒါကို မစ္ဆရိယ လို့ခေါ်ပါတယ်။ မုန်းတဲ့သူမရှိရင်လဲ မနာလိုဖွယ် မရှိနိုင်ပါဘူး။ ထို့အတူ မိမိချစ်မြတ်နိုးတဲ့ဥစ္စာပစ္စည်းတွေ၊ မိမိချစ်မြတ်နိုးတဲ့ အခြွေအရံတွေ မရှိရင်လဲ မနာလို ၀န်တိုတာ မဖြစ်ပေါ်လာနိုင်ပါဘူး။ ဒါကြောင့် မနာလို၊၀န်တို တာဟာ မုန်းသူနဲ့ချစ်စရာတွေကိုမှီပြီးဖြစ်ကြပါတယ်။ (၃)မနာလိုမှုတွေဖြစ်လာရင်ဘယ်လိုဖြေဖျောက်ရမလဲ။ မနာလိုမှု၊ ၀န်တိုမှုဆိုတာတွေဟာ ချစ်ခြင်းမုန်းခြင်းကြောင့် ဖြစ်ရတယ်ဆိုတာ အထက်မှာပြောခဲ့တယ်။ ဒါကြောင့် ချစ်ခြင်းမုန်းခြင်းမဖြစ်အောင် ကျင့်သုံးမယ်ဆိုရင် မနာလိုမှု ၀န်တိုမှုတွေ မဖြစ်နိုင်တော့။ ချစ်ခြင်းမုန်းခြင်းမဖြစ်အောင် … အကုသိုလ်ပယ်ပြီး ကုသိုလ်ဖြစ်အောင် ကျင့်သုံးရပါမယ်။ ဘယ်လိုကျင့်သုံးရမလဲဆိုရင်……ဘုရားရှင်က ကုသိုလ်အစုအပုံကြီးဆိုတာ သတိပဋ္ဌာန်လေးပါးပါပဲ၊ သတိပဋ္ဌာန်လေးပါးကို ကုသိုလ်အစုအပုံကြီးလို့ပြောရင် မှန်ကန်တဲ့စကားဖြစ်တယ်လို့ မိန့်တော်မူတယ်။ဒါကြောင့်သတိပဋ္ဌာန်တရားပွားများမယ်ဆိုရင် မနာလိုတာ၊ ၀န်တိုတာတွေဆိတ်သုဉ်းသွားနိုင်ပါတယ်။ဖြစ်ပေါ်လာသမျှ အာရုံဟူသမျှကို အရှိကိုအရှိတိုင်း ရှုမှတ်ပေးမယ်ဆိုရင် ရှုမှတ်တုန်းခဏမှာ ချစ်ခြင်းဆိုတဲ့လောဘ မုန်းခြင်းဆိုတဲ့ဒေါသတွေဟာ တစ်ခဏမျှ ပယ်သတ်ပြီးဖြစ်နေပါတယ်။ နားလည်အောင်ပြောရရင် မနာလိုမှုတွေဖြစ်လာတယ်ဆိုရင် ဒီမနာလိုတဲ့စိတ်ကိုပဲ “မနာလိုဘူး၊ တွေးတယ်၊သိတယ်” စသဖြင့် အရှိကိုအရှိအတိုင်း ရှုမှတ်ရပါတယ်။ထိုအခိုက်မှာ အကုသိုလ်တွေကို တစ်ခဏမျှ ပယ်နေတာပါပဲ။ရှုမှတ်မှုအားကောင်းလို့ အရှေ့အမှတ်နဲ့နောက်အမှတ်ဆက်စပ်မိအောင် ရှုမှတ်နိုင်ပြီဆိုပါက၊ သမာဓိအားအတော်အတန် ကောင်းလာတဲ့အခါ
 လောဘနဲ့ဒေါသတွေကို တစ်အောင့်လောက်ကြာအောင် ပယ်သတ်နိုင်တယ်။ ဆိုင်ရာမဂ်ဖိုလ်တွေ ရသွားပီဆိုရင် အောက်ထစ်ဆုံး သောတာပန်ဖြစ်သွားပြီဆိုရင်တော့ မနာလိုမှု၊၀န်တိုမှုတွေ လုံးဝမလာနိုင်တော့ပါဘူး ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။ မကောင်းမှုလုပ်တာသိတာနဲ့ မသိတာနဲ့ ဘာကပိုအပြစ်ကြီးလဲ
 အမေး။ မကောင်းမှုကျူးလွန်မိတဲ့အခါ မသိဘဲကျုးလွန်တာနဲ့ သိရက်နဲ့ကျုးလွန်တာ ဘယ်ဟာက ပိုပြီးအပြစ်ကြီးပါသလဲ။
အဖြေ။ ။အဘိဓမ္မာမှာ ဒိဋ္ဌိဂတ၀ိပ္ပယုတ်ထက် ဒိဋ္ဌိဂတသမ္ပယုတ်က ပိုပြီး ထက်မြက်ပါတယ်။ဆိုလိုတာက ဒိဋ္ဌိနဲ့ယှဉ်ပြီး ကျုးလွန်တာက ပိုပြီး အပြစ်ကြီးလေးပါတယ်။ ပိုရှင်းသွားအောင် ပြောပါအုံးမယ်။ အပြစ်ရှိတာကို အပြစ်မရှိလို့ မှတ်ယူနေတာ မိစ္ဆာဒိဋ္ဌိ လို့ခေါ်ပါတယ်။ ဒိမိစ္ဆာဒိဋ္ဌိအခြေခံပြီး(မသိဘဲ) မကောင်းမှု ကျုးလွန်တဲ့အခါမှာ မကြောက်မရွံ့နောက်မတွန့်ဘဲ ရဲရဲဝံ့ဝံ့ ပြုလုပ်တတ်ကြတယ်။ ဒါကြောင့် မကောင်းမှုများဟာ မိစ္ဆာအယူရှိသူတို့ရဲ့သန္တာန်မှာ ပိုပြီး အဖတ်တင်ကျန်ရစ်တယ်၊(ပိုပြီးအပြစ်ကြီးတယ်)လို့ဆိုရပါတယ်။ ဥပမာ ..ရဲရဲငြိနေတဲ့ သံတွေခဲကို ရွှေတုံးထင်ပြီး ကိုင်တဲ့အခါ ပြင်းပြင်းထန် အလောင်ခံရသလိုပါပဲ။ သိရက်နဲ့ မကောင်းမှုပြုလုပ်မိတဲ့(သမ္မာအယူရှိတဲ့)သူများမှာတော့ မကောင်းမှုမှန်းသိတဲ့အတွက် မကောင်းမှုကို ကြောက်ရွံ့တွန့်ဆုတ် နေတတ်တယ်၊ သူ့မှာ မလွဲသာလို့သာ မရှောင်ကြဉ်နိုင်ဘဲ ပြုကျင့်လိုက်ရတာကိုး။ ဒါကြောင့် သိရက်နဲ့ မကောင်းမှုပြုမိသူမှာ ဒိဋ္ဌိနဲ့ယှဉ်ပြီး ပြုတာထက် အပြစ်မကြီးလေးပါ။ ဥပမာ….ရဲရဲငြိနေတဲ့သံတွေခဲကို မလွဲသာလို့ ကိုင်တဲ့အခါမှာ အပူသက်သာအောင် ကိုင်သလိုပါပဲ။ သိပြီး ပြုမိတာက မသိဘဲပြုမိတာထက် အပြစ်နည်းပါးပါတယ်။(မိလိန္ဒပဥှာပါဠိတော်၊ ဇာနန္တာဇာနန္တာနံ ပါပကရဏပဥှာ) ဒါဖြင့်ရင် ရာဇသတ်ဥပဒေကိုပဲဖြစ်စေ၊ ဘုရားပညတ်တော်ကိုပဲဖြစ်စေ သိရက်နဲ့ လွန်ကျုးမိတဲ့သူများမှာ လောကဓမ္မအရ ဘာ့ကြောင့်များ ကြီးလေးတဲ့အပြစ်ကို ရကြပါသလဲ လို့မေးစရာရှိပါတယ်။ အဖြေက ..သိရက်နဲ့အပြစ်ကျုးလွန်သူမှာ ရာဇသတ်ဥပဒေများ၊ဘုရားရှင်ပညတ်တော်များကို ကျုးလွန်ဖေါက်ဖျက်ရုံမက မရိုသေ လေစားမှုလဲမရှိဘဲ အဂါရ၀ ဒေါသစိတ်များနဲ့ ခြံရံပြီးရှိနေတာကြောင့် လောကဓမ္မအလိုက် ကြီးလေးတဲ့အပြစ်ထိုက်ပါတယ်။ ဥပဒေများ၊ဘုရားရှင်ပညတ်တော်များကို နားမလည်တာ မသိတာဟာ “ဒိဋ္ဌိ” မဟုတ်ပါ၊ အချို့နေရာမှာ မောဟ၊ အချို့နေရာမှာ မသိရုံမျှသာ ဖြစ်တယ်။ ဒါကြောင့် ဒိဋ္ဌိမဖက်ဘဲ မသိတဲ့အတွက် အပြစ်ကျုးလွန်သူမှာ ဥပဒေပြုသူအပေါ်မှာဖြစ်စေ၊ ဘုရားရှင်အပေါ်မှာဖြစ်စေ မလေးစားတဲ့စိတ် မပါတဲ့အတွက် လောကအလိုက် ညှာညှာတာတာ အပြစ်ပေးကြရပါတယ်။ သံသရာဘေးမှာလဲ သိရက်နဲ့ကျူးလွန်သူလောက် အပြစ်မကြီးလေးပါ။(သဂြိုဟ်ဘာသာဋီကာ၊၃၈) အချူပ်ပြောရရင်.......ဒိဋ္ဌိအခြေခံပြီး မသိလို့လုပ်တာရယ်၊ ဥပဒေနဲ့ဘုရားဟောပညတ်တွေကို မလေးစားပဲ သိပြီး ပြုလုပ်တာ ပိုအပြစ်ကြီး ပါတယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။ လူဟာ မျောက်ကနေ ဖြစ်လာတာပါလား အမေး။အရှင်ဘရား….ကမ္ဘာဦးကာလ လူများဟာ မျောက်ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဗြဟ္မာများ စုတေပြီး ကမ္ဘာဦးကာလ လူလာဖြစ်ပုံကို ဘုရားရှင်ဟောထားတာ ဖတ်ရပါတယ်ဘုရား။ ပဌာန်းတရားတော်မှာက လူတွေ ပဋိသန္ဓေနေပြီးမှ ဖြစ်တယ်လို့လဲ ပြောထားပါတယ်ဘုရား။ ဒါဆိုရင် ကမ္ဘာဦးအစ လူဖြစ်တာနဲ့ နောက်ပိုင်းလူဖြစ်တာ လွဲမနေဘူးလားဘုရား။ တပည့်တော်ဥာဏ်မမီတဲ့အတွက် ဖြေ ကြားပေးတော်မူပါဘုရား။ စောဝတ်မှုံခင်(ခေတ္တ ဂျပန်)
အဖြေ။ ။ကမ္ဘာကြီးတည်စကာလ ရသပထ၀ီ မြေဆီ ပေါ်ပြီးတဲ့အခါ ကမ္ဘာပျက်တုန်းကမပါခဲ့တဲ့ ဗြဟ္မာများဟာ
 အောက်အောက်ဗြဟ္မာ့ဘုံနတ်ဘုံ များကို ရောက်ကြရပါတယ်။ အချို့ ဗြဟ္မာများဟာ လူ့ပြည်မှာ ပဋိသနေ တည်ကြပါတယ်။ ကမ္ဘာဦးကလူများဟာ ဗြဟ္မာ့ပြည်ကစုတေပီး လူလာဖြစ်ကြတာပါ။ မျောက်ကနေတဆင့် လူဖြစ်လာတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဘာ့ကြောင့်ဆိုရင် သုံးဆယ့်တစ်ဘုံဘ၀သံသရာ ကြီးထဲ ကျင်လည်နေကြရတဲ့သူတိုင်း မဖြစ်ဖူးတဲ့ဘ၀ရယ်လို့ မရှိဘူးလို့ပါပဲ။(သဂြိုလ်ဘာသာဋီကာ-နှာ၃၂၄) နောက်တစ်ခုက ကမ္ဘာဦးအစ ပဋိသန္ဓေနေကြတဲ့လူများနဲ့ နောက်ပိုင်း ပဋိသန္ဓေနေကြတဲ့လူများ မတူကွဲပြားပုံနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင်…. သံသေဒဇ၊ သြပပါတိက၊ အဏ္ဍဇ၊ ဇလာဗုဇ ဆိုပြီးပဋိသန္ဓေ လေးမျိုး ရှိပါတယ်(သုတ်ပါထေယျ၊သံဂီတိသုတ်ဋီကာ)
(က) သံသေဒဇပဋိသန္ဓေ ပဒုမ္မာကြာတိုက်၊ 
ကိုယ်ဝန်အညစ်အကြေး၊ ပန်းမှိုက်ပုပ်၊ ငါးပုပ်၊ရေပုပ်၊ မစင်ပုပ်စတဲ့ စိုစွတ်တဲ့နေရာအရပ်မှာ ဖြစ်တဲ့သတ္တ၀ါများဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။ ပဒုမာကြာမှာ ပဋိသနေတည်တဲ့ ပဒုမ၀တီမိဖုရားနဲ့ပေါက္ခရသာတိပုဏ္ဏား၊ ၀ါးလုံးခေါင်းမှာ ပဋိသန္ဓေနေတဲ့ ဝေဠုဝတီမိဖုရား၊ ပဒုမ၀တီရဲ့ သားတော် ၄၉၉ယောက်ဟာ ပဒုမ၀တီမိဖုရားရဲ့ကိုယ်ဝန် အညစ် အကြေးကြောင့် ဖြစ်တယ်။ဒါတွေဟာ သံသေဒဇပဋိသန္ဓေ လို့ခေါ်ပါတယ်။ (ခ) သြပပါတိက ဘ၀ဟောင်းမှ ခုန်လွှားကျရောက်လာသလို လူ့ဘ၀မှာ ဘွားကနဲ  ဖြစ်ပေါ်လာတာဟာ “သြပပါတိကပဋိသန္ဓေ” လို့ခေါ်ပါတယ်။ သြပပါတိက ပဋိသန္ဓေ နေကြတဲ့သူများက ငရဲသား၊ ပြိတ္တာ၊ တိရစ္ဆာန်အချို့၊ ကမ္ဘာဦးကလူများနဲ့ နတ် ဗြဟ္မာများ ဖြစ်ပါတယ်။ (ဂ)အဏ္ဍဇပဋိသန္ဓေ ဥခွံအတွင်းမှာ ပဋိသန္ဓေနေတာကို အဏ္ဍဇပဋိသနေ လို့ခေါ်ပါတယ်။ ငှက်အမျိုးမျိုး၊ မြွေ၊ လိပ်၊ ငါးစတဲ့ သတ္တ၀ါများဟာ ဥခွံအတွင်း ပဋိသန္ဓေ နေကြတဲ့သတ္တ၀ါများ ဖြစ်ပါတယ်။ (ဃ)ဇလာဗုဇ သားအိမ်မှ ဖြစ်တာကို ဇလာဗုဇ ပဋိသန္ဓေ လို့ခေါ်ပါတယ်။ လူ၊ ဆင်၊ မြင်း၊ ခွေး စတဲ့ သတ္တ၀ါများဖြစ်တယ်။ ဆိုခဲ့တဲ့ပဋိသန္ဓေများအနက် လူများဟာ သံသေဒဇ၊ သြပပါတိက၊ ဇလာဗုဇ များမှာ ပဋိသန္ဓေ ဖြစ်နိုင်ပါတယ်။ ကမ္ဘာဦးလူများရဲ့ပဋိသန္ဓေက ဘွားကနဲဖြစ်ပေါ်လာရတဲ့ သြပပါတိကပဋိသန္ဓေ ဖြစ်ပြီး ၊ နောက်ပိုင်းမှာတော့ အမိဝမ်းတွင်းပဋိသန္ဓေ နေရတဲ့ ဇလာဗုဇ ပဋိသန္ဓေ ဖြစ်ပါတယ် ဆိုတာ ဖြေကြားပေးလိုက်ရပါတယ်။  

မုသာနဲ့ပရိယာယ် (အမေး) ။ 
မုသာ မုသာဆိုတာ လိမ်လည်ခြင်း၊ ညာဖြန်းခြင်း၊လှည့်စားခြင်းစတဲ့ မဟုတ်မမှန်တာ အားလုံးကို “မုသာ” လို့ခေါ်ပါတယ်။ မုသာဆိုမှတော့ ၀ါဒ လဲရှိသေးတဲ့အတွက် ပြောပါအုံးမယ်။“၀ါဒ” ဆိုတာက လက်ပြ ခြေပြ ခေါင်းညိတ် ခေါင်းခါ စာရေးသားမှုစတာတွေပါ။ နားလည်အောင်ပြောရင် မဟုတ်မှန်းသိရက်နဲ့ ဒါတွေကို လက်ပြ ခြေပြ ခေါင်းညိတ် ခေါင်းခါ စာရေးခြင်း(ကာယပယောဂ၊၀စီပယောဂ) တွေကို “မုသာဝါဒ” လို့ခေါ်ပါတယ်။ မုသာဝါဒဟာ သူတစ်ပါးထိခိုက်ပျက်စီးမှာ မဟုတ်ပါဘူး။ မထိခိုက်လဲ မဟုတ်မမှန်ပြောရင် မုသာဝါဒ ကံထိုက်ပါတယ်။ အောက်ပါအင်္ဂါလေးချက် ပြည့်စုံရင် ကံထိုက်ပါတယ်။ (၁)မဟုတ်မမှန်ပြောသောအကြောင်းအရာဖြစ်ခြင်း။ (၂)မဟုတ်မမှန်ပြောလိုစိတ်ရှိခြင်း။ (၃)ပြောလည်းပြောခြင်း။ (၄)လိမ်တဲ့အတိုင်း သူတစ်ပါးက ယုံကြည်သွားခြင်း။ ဒါဆိုရင် မုသာဝါဒကံပျက်ပါတယ်။ ပရိယာယ် “ပရိယာယ်” ဆိုတာကို ပရိယာယ ဆိုတဲ့ ပါဠိကဆင်းသက်လာတဲ့ ပါဠိပျက်ပါ။ ဒါကိုပါဠိ-မြန်မာအဘိဓါန်က (အလှည့်။ အကြိမ်။အစဉ်။အကြောင်း။ ပရိယာယ်။ဒေသနာ) လို့ ဆိုထားပါတယ်။ ဒီနေရာယူရမှာက ပရိယာယ် ကိုယူရပါမယ်။ စကားကိုလှည့်ပြောင်း ပြောဆိုတာပါ။ ပရိယာယ်ကိုနားလည်အောင် ပြောရရင်..
မိမိအကျိုးသူတစ်ပါးအကျိုးဖြစ်ထွန်းစေချင်တဲ့အတွက် စကားပရိယာယ်သုံးပြီး ပြောဆိုတာပါ။ ဥပမာ- သားသမီးများအား အန္တရာယ်ရှိတဲ့ လမ်းကို မသွားစေချင်တဲ့ မိဘများက ဒီလမ်းမသွားနဲ့ ဒီလမ်းမှာ တစ္ဆေသရဲရှိတယ်၊ ကျားရှိတယ် ဆိုပြီး ပရိယာယ်သုံးပြီးပြောဆိုကြတာပါ။ ဘုရားရှင်လက်ထက်က သာကီဝင်မင်းမျိုးတွေအပေါ် အညိုးအာဃာတကြီးလွန်းလှတဲ့ ၀ိဋဋူဘမင်းသားဟာ သူမင်းဖြစ်တဲ့အခါ သာကီဝင်မင်းမျိုးနွယ်တွေ ကို တွေ့ရာသချိုင်း ဓါးမဆိုင်းဆိုပြီး မြင်သမျှလူတွေ အကုန်သတ်နေပါတယ်။ ဒီအချိန်မှာ သာကီဝင်မင်းမျိုး များဟာ အောက်ဆုံးအဆင့် သီလလုံခြုံကြတဲ့ သူများက များပါတယ်။ သူသတ်သမားများကလဲ မင်းဟာ သာကီဝင်မျိုးလား လို့မေးတဲ့အခါ သာကီဝင်တွေက ပါးစပ်မှာ မြက်ပင်ကိုက်ထားပြီး“သာကီမြက်တွေပါ” လို့ ပြောကြတဲ့အခါ သေဘေးမှ အချို့လွတ်ကုန်ကြတယ် လို့ စာကဆိုပါ တယ်။ ဒါဟာမိမိအကျိုးအတွက် စကားပရိယာယ် ဆင်ပြောလိုက်တဲ့စကားတွေပါ။ မဟာသုတသောမဇာတ်မှာ တစ်ရာ့တစ်ပါးမင်းတွေ သွေးချောင်းစီး သေမဲ့အဖြစ်က လွတ်အောင် အများအကောင်းကျိုးအတွက်ရည်ရွယ် ပြီး ညောင်စောင့်နတ်က
 ပေါရိသာဒကို သုတသောမမင်းပါမှ ငါပူဇော်ခံမယ် လို့ ပြောခဲ့တယ်။ ရှင်သာရိပုတ္တရာက တမ္ဗဒါဌိကလူဆိုးကြီးဟာ တရားတော်ကို ဖြောင့်စွာ မနာနိုင်တာကို မြင်တဲ့အတွက် မင်းလူသတ်တာဟာ သတ်ချင်လို့သတ်တာလား ခိုင်းလို့သတ်တာလား မေးလိုက်တယ်။ လူဆိုးကြီးက သူသတ်ချင်လို့မဟုတ်၊ မင်းကခိုင်းလို့သာ သတ်ရတာပါ ဆိုတော့ အရှင်သာရိပုတ္တရာက ဒါဆိုရင် မင်းမှာ မပြစ်မရှိဘူး လို့ ပရိယာယ်စကားပြောလိုက်မှ စိတ်သက်သာရသွားကာ စိတ်ဖြောင့်ဖြောင့်ဖြင့် တရားနိုင်ပါ တော့တယ်။ တစ်ခါဘုရားရှင်က နန္ဒမင်းသားရဲ့တရားရရေးကို ရည်ရွယ်ပြီး နန္ဒမင်းသားအား ဒီမန္တန်ကို ရွတ်ရင် နတ်သမီးရလိမ့်မယ် လို့ ပရိယာယ်နဲ့ ပြောခဲ့ပါတယ်။ သတိပြုရမဲ့အချက်က မုသာဝါဒက အကုသိုလ်စိတ်နဲ့ဖြစ်ပေါ်လာ ပါတယ်။ပရိယာယ်က အများအားဖြင့် ကိုယ်စိတ်ဖြစ်တယ်ဆိုတာပါပဲ။ 
ဗုဒ္ဓဘာသာကိုမယုံကြည်ပဲ သုဂတိဘုံရောက်နိုင်ပါသလား (အမေး) ခရစ်ယာန်မှာတော့ သခင်ယေရှုကို မယုံရင် ငရဲကို အားလုံး ဒိုးပဲ ဘုရား။ ဘယ်လောက်ပဲ လှူ လှူ။ ကျင့်ကျင့် ကောင်းကင်ဘုံကို မရောက်နိုင်ဘူးလို့ကျမ်းစာကအတိအလင်းဆိုထားပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဗုဒ္ဓဘာသာကိုမကိုးကွယ်ဘဲ ရတနာသုံးပါးကိုမယုံကြည်ဘဲ ကောင်းရာမွန်ရာ(သုဂတိဘုံတွေ) ကို ရောက်နိုင်သလား။ ဆလိုင်း ဟန်သာစန်း(နယူးဒေလီ) 
အဖြေ။ ။လူတစ်ယောက်ဟာ အကြောင်းအားလျော်စွာ ဗုဒ္ဓဘာသာမဖြစ်သေးပေမဲ့ သူ့အဖို့ကောင်း တာလေးတွေ လုပ်နေမယ်၊ ကောင်းတာလေး တွေ ပြောနေမယ်၊ ကောင်းတာလေးတွေ တွေးနေမယ်ဆိုရင် စိတ်ထဲဖြူစင်နေပါတယ်။ စိတ်ထားဖြူစင်တဲ့ပုဂ္ဂိုလ်ဟာ သေတဲ့အခါ သုဂတိဘုံ ရောက်နိုင်ပါတယ်။ ဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ်ကာလက ဘ၀အမျိုးမျိုးကျင်လည်ခဲ့ရတယ်။ ဒီလိုဘ၀များစွာကျလည်ရတဲ့အခါမှာ ဗုဒ္ဓဘာသာ ၀င်ရယ်လို့ အတိအလင်းမပါရှိပါဘူး။ ဒါပေမဲ့ ကုသိုလ်ပါရမီတွေ ကို ဖြည့်ကျင့်ခဲ့အတွက် သုဂတိဘုံသို့ ရောက်တဲ့အခါလဲရှိခဲ့ပါတယ်။ ဆိုလိုတာက ဗုဒ္ဓဘာသာမဟုတ်သော်လဲ ကောင်းတာလုပ်ရင် သုဂတိဘုံရောက်တဲ့သဘောပါ။ ယနေ့ခေတ်မှာလဲ စူနာမီဘေးဒါဏ်ခံခဲ့ရတဲ့ ဒုက္ခသည်များကို စိတ်ရောကိုယ်ပါ အကူအညီပေးနေကြပါတယ်။ မကြာသေးခင်က ဟေတီနိုင်ငံမှာ လှုပ်သွားတဲ့ငလျင်ကြောင့် လူပေါင်းများစွာသေကြေပျက်စီးပြီး၊ အချို့မှာ အိုးမဲ့အိမ်မဲ့ တကောင်ကြွက်ဘ၀၊ အတိဒုက္ခရောက်ခဲ့ရတယ်။ ဒါကို အခြားဘာသာဝင်များက လူသားချင်းစာနာကာ ဒေါ်လာသန်းချီပြီး ချက်ခြင်းပေးလှူတဲ့အပြင် ကယ်ဆယ်ရေးတွေကိုလဲ ပြုလုပ်ခဲ့ကြတာဟာ ကောင်းတဲ့အလုပ်ပါ။ ရတနာသုံးပါယုံကြည်မှုမရှိသော်လဲ လူသားတွေကို ကရုဏာ သနား စာနာတဲ့ တရားတွေက သူတို့နှလုံးသားမှာ တည်နေကြ ပါတယ်။ ကောင်းတဲ့စိတ်ထားလေးတွေပါ။ ဓမ္မလမ်းကြောင်းက ပြောရင် တော့ ကုသိုလ်စိတ်ပေါ့။ ဒါဟာ သုဂတိကို ရောက်နိုင်တဲ့လမ်းစတွေပါပဲ။ ဒါကြောင့် ဗုဒ္ဓဘာသာမှ မဟုတ်ပါဘူး၊ (၁)မကောင်းတာမလုပ်နဲ့။ (၂)ကောင်းတာကိုပြည့်စုံအောင်လုပ်ကြ။ 
(၃) စိတ်ကိုဖြူစင်အောင် ထား ကြ) ဒီအဆုံးအမအတိုင်း 
ဘာသာမရွေး လူမျိုးမရွေးကျင့်သုံးရင် ကောင်းတဲ့(သုဂတိ)ဘုံကို
 ရောက်နိုင်တယ် ဆိုတာပါပဲ။Labels:လမ်းညွှန် နိဗ္ဗာန်လိုချင်က ဒီဘ၀ရနိုင်ပါသည် အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ချစ်ခင်နှစ်သက်သူများနှင့် ကွေကွင်းရခြင်း၊ မချစ်မနှစ်သက် သူများနှင့် ပေါင်းသင်းဆက် ဆံရခြင်း၊ အလိုရှိသည်ကိုမရခြင်းသည် သံသရာ၏ ဆင်းရဲ ဒုက္ခပင်ဖြစ်သည်။ သံသရာဝဋ်ဆင်းရဲနှင့် အစဉ်တွေ့အောင် လုပ်ပေးသော အကြောင်း သည်တဏှာဖြစ်သည်။ တဏှာဆိုသည်မှာတပ်မက်ခြင်းဟု အဓိပ္ပါယ်ရ၏။ မိမိကိုယ် ကိုတပ်မက် ခြင်း၊ မိမိ ပစ္စည်းဥစ္စာကို တပ်မက်ခြင်း၊ မိမိသားမယားအားတပ်မက်ခြင်း၊ သက်ရှိသက်မဲ့ အားလုံးကို တပ်မက်ခြင်းသည် တဏှာဖြစ်၏။ သံသရာမှ လွှတ်ကင်းခြင်းဆိုသည်မှာ သတ္တ၀ါတစ်ဦးသည် သေပြီးသည့်နောက် ၃၁ ဘုံ ရှိသည့်အနက် မည်သည့်ဘုံ၌ မှပြန်မဖြစ်ခြင်းကို ဆိုလိုပါသည်။ သံသရာမှလွှတ်ကင်းရအောင်... 
(၁)သီလလုံခြုံရမည်၊ (၂)သမာဓိခိုင်ခံ့အောင်ပွားများရမည်၊ (၃)ပညာစခန်း(၀ိပဿနာ)သို့ရောက်အောင်လှမ်းရပါမည်။ သီလနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် ကွယ်လွန်သည့်အခါ လူဘ၀နှင့်နတ် ဘ၀မှာ ပြန်ဖြစ်နိုင် ပါသည်။ သမာဓိနှင့်ပြည့်စုံမှသာ ဗြဟ္မာဘုံသို့ ရောက်နိုင်သည်။ထို့အတူ ၀ိပဿနာ တရားအားထုတ် မှသာလျှင်နိဗ္ဗာန်သို့ရောက်နိုင်ပါမည်။ ပညာအဆင့် ( ၀ိပဿနာ ) ရောက်အောင်လုပ်ရန် အဓိကကျသောအချက်မှာ ရုပ် နာမ် ခန္ဓာတို့၏ ဖြစ်ပျက် သဘောကိုမြင် အောင် လုပ်ခြင်းဖြစ်၏။ဤ အမြင်ကိုမရသရွေ့၊ မကျင့်သ၍ နိဗ္ဗာန် စခန်းသို့ ရောက်နိုင်မည် မဟုတ်ပေ။ဘုရားရှိ ခိုး၊ဘုရားမှာ ဆုတောင်းနေရုံ နှင့်မရနိုင်ပါ။ ဆရာသမား များ၏ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာပြီး လုံ့လ၀ီရိယရှိခြင်းဖြင့် အောင်မြင်မူ ပန်းတိုင်သို့ အရောက်လှမ်း နိုင်ပါသည်။ ဆရာကောင်း နှင့်တွေ့ ခြင်းသည် မိမိ၏ အလုပ်ကို ၁၀၀ ရာခိုင် နူန်းပြီးစီးအောင်မြင် နိုင် သည်ဟုပင် မြတ်စွာဘုရားရှင်ကအရှင်အာနန္ဒာ အားမိန့်ကြားခဲ့ဖူးပါသည်။ တရားထိုင်သောပုဂ္ဂိုလ်သည် တစ်သက်လုံးရပ်နားခြင်းမရှိ သောစိတ် တဖြည်းဖြည်း တည်ငြိမ်လာသည်ကို တွေ့ရပါမည်။ စိတ်တည်ငြိမ်မူရလာသည့်အခါ လောဘနှင့် ဒေါသတို့ကင်းစင်၍ ထိုသို့ကင်းစင်သည်နှင့် အမျှ အမြင်မှန်ကိုရကာ အရိယာ စခန်းသို့ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာပါမည်။ မိမိတို့၏ စိတ်တွင် ဒီဘ၀နိဗ္ဗာန် ရောက်ကို ရောက်ရမည်ဟု စိတ်နှင့်ကျင့်ကြံပါ။ ( ၇ )ရက်နှင့် မရလျှင် ( ၇) လ ၊ ( ၇ ) လနှင့်မရလျှင် ( ၇ ) နှစ် ကျင့်ကြံလျှင် ရောက်နိုင်ပါသည်ဟု ဘုရားရှင် ဟောကြားခဲ့ပါသည်။ တစ်ရက်ထဲနှင့် လည်းရနိုင်ပါသည်။ ကိလေသာ ကြားမခိုဖို့ အရေးကြီး ပါသည်။ ၀ိပဿနာကိုရှုမှတ် ပွားများရင်း ကွယ်လွန်သွားခဲ့သော ကျောက်မဲမြို့မှ မထက်ထက်အောင်သည် အသက် အားဖြင့် (၁၄ ) နှစ် သာရှိပါသေးသည်။ မသေမှီကပင် ၀ိပဿနာ တရားအားထုတ်ခဲ့ပြီး ကွယ်လွန်ခါနီး အချိန်တွင်တရားရှုမှတ် ရင်းတရားဖြင့် ကွယ်လွန်သွားသဖြင့်( စူဠသောတာ ပန်)အဖြစ်သို့တက်လှမ်းသွားခဲ့သောမထက်ထက်အောင်၏ ဈာပနမှတ်တမ်း VCD လေးအား သံဝေဂယူ ပွားများ အားထုတ်နိုင်စေရန်အလို့ငှာ လက်ဆင့်ကမ်းလိုက်ရပါသည်။ မပျင်းလုံ့လ အားထုတ်ကြ “နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ “ဗာဟုသစ္စဉ္စ သိပ္ပဉ္စ- ဗဟုသုတနှင်ပြည့်စုံခြင်းသည် မင်္ဂလာတစ်ပါး”ဖြစ်ကြောင်း မြတ်စွာဘုရားဟောကြားတော်မူ ခဲ့၏။ ထို့ကြောင့် ဗဟုသုတတိုးပွားအောင် ဆည်းပူးလေ့လာခြင်းဖြင့် ကောင်းမွန်သောအကျင့်ကို ပျိုးထောင်အပ်၏။ ပျင်းနေလို့ မတော်ပေ။ ပျင်းလျှင် ဖျင်းမည်။ ဖျင်းလျှင် ဗဟုသုတ၊ အသိဉာဏ်တို့ ဗလာဖြစ်မည်။ ဗဟုသုတ၊ အသိဉာဏ်တို့ ဗလာဖြစ်လျှင် ဘေးကိုရောက်မည်။ ဘေးကိုရောက်ပြီးနောက် မြောင်းထဲကျသွားကာ လုံးဝ သုံးမရဖြစ်ပြီး လူ့ဘ၀ရကျိုးမနပ်ဘဲ ဘ၀နိဂုံးချုပ်ရပေမည်။ ထို ဒဿနလေးသည် ဆရာတော် အရှင်အာစာရာ လင်္ကာရ(ကိုးဘွဲ့ရဆရာတော်)၏ “ပ-ဖ-ဗ-ဘ-မ” ဒဿနလေးပဲဖြစ်ပါသည်။ အရာရာအောင်မြင်ဖို့ဆိုသည်မှာ ထက်သန်သောဝီရိယရှိဖို့လိုအပ်၏။ “၀ီရိယ ၀တော ကိံနာမ ကမ္မံ နသိဇ္ဈတိ”- ၀ီရိယရှိသောသူအတွက် မအောင်မြင်သည့်အရာဟူသည် မရှိပေ။ ထို့ကြောင့် အောင်မြင်လိုလျှင် ၀ီရိယ အရင်းခံရပေမည်။ ထက်သန်သောဝီရိယတရားရှိခြင်းသည် အောင်မြင်မှု၏သော့ချက်ဖြစ်၏။ ဆရာဝန်ဖြစ်လို လျှင် ဆရာဝန်ဖြစ်အောင် အားထုတ်ရမည်။ အင်ဂျင်နီယာဖြစ်လိုက အင်ဂျင်နီယာဖြစ်အောင် ၀ီရိယစိုက်ရပေ မည်။ မြတ်စွာဘုရားရှင်သည် သတ္တ၀ါအနန္တအပေါ်တွင် မဟာကရုဏာတော်ဖြစ်ကာ လမ်းမှန်ကိုညွှန်ပြနိုင်သည့် ဘုရားအဖြစ်သို့ ရောက်လိုသောကြောင့် ဘုရားဖြစ်အောင် ကြိုးစားအားထုတ်ခဲ့ပေသည်။ ဘုရားဖြစ်ဆေးစား၍ မဟုတ်။ ဓာတ်လုံးသောက်ပြီး ဘုရားဖြစ်ခဲ့ခြင်းလည်း မဟုတ်။ လေးအင်္သေချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး အသက်သွေးချွေးပေးဆပ်ပြီး ပါရမီတော်ဆယ်ပါးကို အပြားသုံးဆယ်ဖြင့် ဖြည့်ကျင့်အားထုတ် ၀ီရိယအမြဲမပြတ် စိုက်ထုတ်ခဲ့ရခြင်းဖြစ်၏။ အခြေခံပညာမူလတန်းတုန်းက သင်ယူခဲ့ရသည့် ယုန်နှင့်လိပ်ပုံပြင်လေးထဲတွင် ယုန်နှင့်လိပ် အပြေးပြိုင်ရာ၌ ၀ီရိယမပြတ်အားထုတ်သော လိပ်ကလေးက ပျင်းရိခြင်းအကျင့်ရှိသည့်ယုန်ကို အောင်နိုင်ခဲ့ပုံမှာ ၀ီရိယမပြတ်အားထုတ်ခြင်းသည် အောင်မြင်မှုပန်းတိုင်ရောက်ဖို့ အဓိကကျကြောင်း ပြသထားခြင်းပင်ဖြစ်သည်။ လိပ်၏ပြေးနှုန်းသည် ယုန်နှင့်ယှဉ်ပါက ကွာခြားလှသော်လည်း ပျင်းနေသူကို မပျင်းသူက ကြာလျှင် ကျော်သွားနိုင်သည့်သာဓကဖြစ် ၏။ ၀ီရိယရှိသူသည် လမ်းမှန်ကို လျှောက်လှမ်းနိုင်ပါလျှင် နိဗ္ဗာန်ကို လျင်မြန်စွာ ထိုးထွင်းသိမြင်နိုင်ကြောင်း မယွင်း မှတ်ယူ ထားပါလေ။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် အခါက သောဏာထေရီဖြစ်လာမည့် မုဆိုးမတစ်ဦးသည် သားသမီးကလည်းများ၊ စည်းစိမ်ဥစ္စာတို့ကလည်း သူ့တစ်သက် စားလို့မကုန်နိုင်လောက်အောင်ချမ်းသာသည့် သူဌေးမကြီးဖြစ်၏။ သားသမီးတို့က အိမ်ထောင်ကိုယ်စီရှိကြပြီး အမေမသေခင် အမွေကို ကြိုယူချင်နေကြသောကြောင့် အမေကို ဖျောင်းဖျကြသည်မှာ “အမေ့ အမွေတွေကို အညီအမျှ ခွဲဝေပေးလိုက်ပြီး အမေကတော့ သားသမီးတွေထံ အလည်လှည့်စားသောက်နေထိုင်ရင်း မြေးတွေကို ချစ်ခင်ယုယစွာ နေထိုင်ပါ အမေ”ဟူ၍ပြောဆိုကြရာ ထိုအတိုင်း ဆောင်ရွက်ပေးလိုက်သည့်အခါတွင် အသက်ခြောက်ဆယ်ကျော် အဖွားအိုကြီးခမျာ
 မျှော်လင့်ထားသည့်အတိုင်းဖြစ်မလာခဲ့ပေ။
 ချွေးမနှင့်သားမက်တို့၏ ငြူစူစောင်းမြောင်းအော်ဟစ် ခံရသည့်ဒုက္ခတို့ ရင်ဆိုင်ရပြီးနောက် ခွက်တစ်လုံးဆွဲ တုတ်တစ်ချောင်း ကိုင်ကာ တောင်းစားရသည့် အဖြစ်သို့ ရောက်ရပေတော့၏။ကံကောင်းထောက်မ၍
 မြတ်ဗုဒ္ဓသာသနာတော်တွင် မှီခိုအားထား ရာရသဖြင့် သောဏာထေရီအဖြစ် သာသနာ့ဘောင် မှာ နေခွင့်ရရှိခဲ့လေသည်။ သာသနာ့ဘောင်မှာလည်း အသက်ကြီး၍ ဆွမ်းခံမလိုက်နိုင်သဖြင့် ကျောင်း၌နေရစ်ခဲ့ကာ ရေနွေးအိုးကျိုရင်း၊ ကျောင်းဝေယျာဝစ္စတွေလုပ်ရင်း လူ့ဘ၀ဒုက္ခတို့ကို သံဝေဂပြင်းစွာ ရရှိထားသူပီပီ တရားကိုလည်း တရားကိုလည်း မပြတ်အားထုတ်လေ၏။ တရားအားထုတ်ရာ၌ မျက်စိကမှုန်၊ အားကလည်းကုန်နေသည့် အရွယ်ဖြစ်သောကြောင့် ကျောင်းဆောင်တိုင် ကိုင်ပြီး ပတ်ချာလည်ရင်း တရားမှတ်လေသည်။ မြတ်စွာဘုရားရှင်က တရားရရန် ပါရမီရင့်သန်သူ သောဏာထေရီကို မြင်တော်မူ သဖြင့် ရောင်ခြည်တော်လွှတ်ပြီး တရားဓမ္မ ဆုံးမတော်မူရာပီတိသောမနဿဖြစ်ရှာသော သောဏာထေရီမကြီးသည် ဆုံးမထားသည့်အတိုင်း ဆက်လက်အားထုတ်လိုက်ရာ အဘိညာဏ်ရ ရဟန္တာမကြီးအဖြစ်သို့ ရောက်ရှိသွားလေသည်။ ပုံမှန်နေတွေ၌ဆွမ်းခံမှပြန်လာသော ထေရီမငယ်တို့က သောဏာထေရီမကြီးကို ရေနွေးကျိုခြင်း၊ ကျောင်းဝေယျာဝစ္စတို့ လုပ်ဆောင်ခြင်းမပြီးလျှင် ငြူစူစောင်းမြောင်း ပြောဆိုတတ်ရာ တရားထူးရရှိပြီးသည့်နေ့တွင် ရေနွေးအိုးကို မီးမွှေးစရာမလိုဘဲ တန်ခိုးဖြင့်ကျိုပြလေသည်။တရားထူးရရှိထားကြောင်း
 ပြသလိုက်ခြင်းပင်။ ကြွားဝါခြင်းကား မဟုတ်ပေ။တစ်ခြားနေ့များ ကဲ့သို့ ငြူစူစောင်းမြောင်းပြောဆိုလိုက်လျှင် ကံကြီးထိုက်မည့် အနာဂတ်အဖြစ်ကို သနားငဲ့ကွက်၍ တန်ခိုးပြခြင်းသာဖြစ်ပေသည်။ ထိုသောဏာထေရီမကြီးကား ရဟန္တာထေရီမအားလုံးတွင် တရားရရှိရန်အားထုတ်သူများထဲ၌ ၀ီရိယဧတဒက်အဖြစ် ချီးမြှင့်ခြင်းခံရသူဖြစ်ပေသည်။ ၀ီရိယ၏စွမ်းပကားသည် အသက်ကြီး၍ ဉာဏ်ရည်ကျနေသူကိုပင် တရားထူးရရှိရန်မြှင့်တင်ပေးနိုင်သည်မှာ တကယ့်လက်တွေ့ သာဓကဖြစ်၏။ ထို့ကြောင့် အသက်ငယ်ရွယ်သူများအနေဖြင့် ဉာဏ်ရည်ကောင်းနေချိန် လည်းဖြစ်သောကြောင့် ၀ီရိယမပြတ်ကြိုးစားအားထုတ်ထိုက်ပေသည်။ ၀ီရိယမပြတ်အားထုတ်သူအဖို့ လောကီအတတ်ပညာ သာမက လောကုတ္တရာ အသိပညာပါ ရရှိနိုင်သည်မှုာ မလွှဲဧကန်သာ ဖြစ်ပေသည်။ စာရေးသူအကြောင်းကို အနည်းငယ်သာဓကပြလို၏။ စာရေးသူသည် ဉာဏ်ရည်ထက်မြက်သူမဟုတ်ပေ။ သာမန်ဉာဏ်ရည်သာရှိသူဖြစ်၏။ သို့သော် ၀ီရိယတရားကို ယုံကြည်စွာအားထုတ်ခဲ့သဖြင့် သူငယ်တန်းတွင် တတိယဆု၊ ပထမတန်းမှန၀မတန်းအထိ ပထမဆု၊ ဒသမတန်းတွင် သင်္ချာဂုဏ် ထူးဖြင့် နှစ်ချင်းပေါက် အောင်မြင်ခဲ့ပြီး စတသ(၄၅)သင်တန်းတက်ရောက်၍ ကွန်ပျူတာဘွြဲ့ ဖင့်အောင်မြင်ခဲ့ကာ စတသတွင် အဆင့်(၁၂၂/၉၂၅)၊ စုမှူးသင်တန်း(၁၆၂)တွင် အဆင့်(၂/၉၂၃)၊ ဘာသာစကားသင်တန်းအမစ(၄)၊ အုပ်စု(၁၆)တွင် ပထမဆုရရှိကာ ရုရှားနိုင်ငံတွင် မဟာသိပ္ပံ(ကွန်ပျူတာ)ဘွဲ့ ရရှိခဲ့ပြီးနောက် ခွဲမှူးသင်တန်း(၂၄)တွင် အဆင့်(၁၁)နှင့် တပ်စိတ်အလိုက် မိုင်(၃၀)ဆန်းစစ် တပ်စိတ် ပထမဆု၊ တဆတ၌ လ/ထကထိက(ကွန်ပျူတာဌာန)နှင့် စာပေဦးစီးအရာရှိတာဝန်ထမ်းဆောင်ချိန်တွင် (၆၆)နှစ်မြောက်တပ်မတော်နေ့ အကြို စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲ(အရာရှိအဆင့်)တွင် ပထမဆု၊ ထို့နောက် မင်္ဂလာဒုံတပ်နယ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲ(အရာရှိအဆင့်)တွင် ဒုတိယဆုရရှိကာ တိုင်းအထိဖြေဆိုခဲ့ရပြီး ခလရ(၂၆၂)တွင် တပ်ခွဲမှူးတာဝန် ထမ်းဆောင်ခဲ့စဉ်က ကရခ၊ တစသ(၁၂)၊ တိုက်/စည်း(အရာရှိ)သင်တန်း(၉၈)တွင် ပထမဆုနှင့် ရင်းအဆင့်အုပ်ချုပ်မှုမွမ်းမံသင်တန်း(၁/၂၀၁၂)တွင် ပထမဆု၊ ကော့သောင်းတပ်နယ်၊ စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွု(အရာရှိအဆင့်)တွင် ပထမဆုများ အသီးသီးရရှိခဲ့ပေသည်။ ဉာဏ်ထုံသူ ကျွန်ုပ်သည် ၀ီရိယကား အစွမ်းကုန်အားထုတ်သူဖြစ်၏။ ၀ီရိယ၏စွမ်းပကားကို သာဓကပြချင်၍သာ ဂုဏ်ကိုထုတ်ဖော်ရခြင်းဖြစ်၏။ စာရေးသူအနေဖြင့် ယခုကဲ့သို့ တရားဓမ္မဆောင်းပါးများ ရေးသားနိုင်ခြင်းမှာလည်း တရားဓမ္မများကိုလေ့လာခြင်း ၀ီရိယတရားကြောင့်ဖြစ်သည်။ ရုရှားနိုင်ငံတွင် ပညာသင်ယူနေချိန်၌ ဆရာတော်ပေါင်းစုံ၏ တရားတော်များ နေ့စဉ်နာကြားခြင်း၊ တရားဓမ္မစာအုပ်များ ဖတ်ရှုခြင်း၊ တရားဆွေးနွေးပွဲများ ဖြစ်မြောက်အောင် အကျိုးဆောင်ခြင်း၊ ဓမ္မစာပေမှတ်စုများ ထုတ်နှုတ်မှတ်သားကာ ပြန်လည်ဖတ်ရှုခြင်း၊ အလှူအတန်းများပြုလုပ်ကာ အနုမောဒနာတရားများ နာကြားရာ၌ ရိုသေစွာနာကြားခြင်း၊ ရောက်ရာဒေသတွင် ကလေးငယ်တို့ကို စာပေသင်ကြားပေးခြင်း စသည့် ၀ီရိယတရား အားထုတ်ခြင်းကို စဉ်ဆက်မပြတ်ပြုလုပ်ခြင်းကြောင့် ဖြစ်ပေသည်။ ရဟန္တာမဖြစ်သေးသမျှ ကျွန်ုပ်တို့ ကြိုးစားအားထုတ်ခြင်းအလုပ် မပြီးမြောက်သေးပေ။ ဤအချက်ကား သတ္တ၀ါတိုင်း မိမိကိုယ်ကို အမြဲတမ်း သတိတရားဖြင့် သိရှိထားရမည့်အချက်ဖြစ် သလို မြတ်ဗုဒ္ဓ၏အလိုတော်လည်းဖြစ်ပါသည်။ ဆရာတော်အရှင် ဆန္ဒာဓိကတရားတော်တွင် နာကြားခဲ့ဖူးသည်မှာ “ရဟန္တာမဖြစ်သေးသမျှ ငါချမ်းသာလိုက်တာ ဟူ၍ ဘယ်သောအခါမှ မအောင်းမေ့လေနဲ့” ဟူ၍ မြတ်စွာဘုရားဟောကြားခဲ့ကြောင်း မှတ်သားခဲ့ရပေသည်။ အနာဂါမ်အဆင့် သို့ ရောက်ရှိချိန်တောင် ဗြဟ္မာဘ၀ကိုခင်တွယ်သည့် ဘ၀တဏှာရှိနေသေး၍ ခန္ဓာဝန်ချပြီးနောက် ကမ္ဘာပေါင်း တစ်သောင်းခြောက်ထောင် အသက်ရှည်ကြာနေရသည့် သုဒ္ဓ၀ါသဗြဟ္မပြည် ၌ ဗြဟ္မာဘ၀ နေရသေး ၏။ မြတ်စွာဘုရားသည် ပကဗြဟ္မာမင်းကြီး တန်ခိုးဖြင့် မာန်ရစ်နေခြင်းကို တန်ခိုးချင်းယှဉ်ပြိုင် အောင်နိုင်ကာ “ဘ၀မှန်သမျှ ဘယ်ဘ၀မှ မကောင်း”ဟူ၍ ဆုံးမတော်မူခဲ့လေသည်။ ထို့ကြောင့် နိဗ္ဗာန်ကို မျက်မှောက်ပြုရေးအတွက် ကျွန်ုပ်တို့အားလုံးသည် လောကီကောင်းကျိုးအလုပ်၊ လောကုတ္တရာ ဘ၀ချုပ်ငြိမ်းကြောင်းအလုပ်တို့ကို အသက်ရှိနေသေးသ၍ မပြတ်ကြိုးစားအားထုတ်နေကြရမည်ဖြစ်ပေသည်။ ကျွန်ုပ်တို့ မြန်မာလူမျိုးမများစုသည်အပျင်းထူခြင်းနှင့် 
 ရောင့်ရဲနိုင်ခြင်းကို ရောထွေးစွာ နားလည်နေတတ်ကြ၏။ အပျင်း ထူနေခြင်း ကို ရောင့်ရဲနိုင်ခြင်းဟုမှတ်ယူကာ ကိုယ့်ကိုယ်ကို ဂုဏ်တင်ပြောဆိုနေတတ်ကြ ၏။ လောကမှာ ငွေရှိအောင် အားထုတ်နေဖို့မလိုဘူး၊ စားသောက်ရုံလောက်ရလျှင် တော်ပြီ။ ဘာလို့ လောဘဇောတိုက် စီးပွားရှာနေမှာလဲ ဟူ၍ အလုပ်ကို မကြိုးစားကြပေ။ သမလောဘဖြင့် မှန်မှန်ကန်ကန် ကြိုးစားလုပ်ဆောင်ခြင်းများကိုကား အရိယာသူတော်ကောင်းများပင် မပယ်ကြပေ။ ဘုရားရှင် လက်ထက်က စီးပွားရေး လုပ်ဆောင်ကြသော သောတာပန်ပုဂ္ဂိုလ်များ များပြားစွာ ရှိခဲ့၏။ (ဥပမာ- အနာထပိဏ် ကျောင်းဒကာကြီးနှင့် ၀ိသာခါ ကျောင်းအမကြီးတို့ကဲ့သို့တည်း။) တချို့ တရားအားထုတ်နေ သူများသည် ဒါနပြုခြင်းသည် ဘ၀သံသရာကောင်းကျိုးများသာ ဖြစ်၏။ ထို့ကြောင့် ၀ိပဿနာဖြင့် သာတော့မည်ဟူ၍ ၀ိပဿနာအား ထုတ်ခြင်းဖြင့်ပင် ရောင့်ရဲနေတတ်ပြန်ပေသည်။ တချို့မှာ ဒါန၊ သီလကား သံသရာလည်ကြောင်း ၀ိပဿနာမှသာ သံသရာလွတ်မြောက်ကြောင်းဟု မှတ်ယူပြီး ဒါန၊ သီလကို ပုတ်ခတ်ပြောဆိုတတ်သူများ ရှိကြလေသည်။ ၀ိပဿနာ အားထုတ်ခြင်းသည် သံသရာ လွတ်မြောက်ကြောင်းဟု သိခြင်းကား မှန်သော်လည်း ဒါန၊ သီလကား သံသရာလည်ကြောင်းဟု မှတ်ယူကာ ပြောဆိုခြင်းသည် အပြစ်ကြီးသော ယူဆ ပြောဆိုခြင်းဖြစ်၏။ ဒါနပြုခြင်းသည် လိုချင်မှု လောဘကို စွန့်လွှတ်မှ ပြုနိုင်သည်ဖြစ်ခြင်းကြောင့် အလောဘတရားရှိခြင်းဖြစ်၏။ သီလဆောက်တည်ခြင်းသည် လည်း သူတစ်ပါးအကျိုးကို လိုလားစိတ်ဖြစ်မှသာ ပြုနိုင်သောကြောင့် အဒေါသတရားရှိခြင်းဖြစ်၏။ ဒါနပြုခြင်းသည် ဘုရားအလောင်း အစရှိသော သူတော်ကောင်းတို့၏အလုပ်၊ သံသရာမှလွတ်မြောက်ရန်၊ နိဗ္ဗာန်သို့ တက်လှမ်းနိုင် ရန် လှေကားသဖွယ် အထောက်အပံ့ဖြစ်သောအလုပ် အစရှိသဖြင့် အကြောင်းအကျိုးတို့ကို ဆင်ခြင်ပြီးမှ လုပ်နိုင်သောကြောင့် အမောဟတရားရှိခြင်းဖြစ်၏။ တရားအားထုတ်ခြင်းသည် အလောဘ၊ အဒေါသ၊ အမောဟတရားများရှိအောင် အားထုတ်ခြင်းဖြစ်သောကြောင့် ကုသိုလ်ကမ္မပထတရား(၁၀)ပါး မည်သည့်အလုပ်ပင် လုပ်သည်ဖြစ်စေ၊ လျောင်းနေသည်ဖြစ်စေ၊ ထိုင်နေသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ၊ သွားနေသည်ဖြစ်စေ အလောဘ၊ အဒေါသ၊ အမောဟတရားရှိနေအောင် ပါရမီ(၁၀)ပါး မည်သည့်ပါရမီကို ဖြည့်ကျင့်သည်ဖြစ်စေ မပြတ် သတိရှိနေမှုသည် တရားအားထုတ်ခြင်း၏ “စံ”ထားရမည့် ကျောရိုးဖြစ်ပေသည်။ လောဘ၊ ဒေါသ၊
 မောဟတရားများ ရှိနေချိန်၌ကား တရားအားထုတ်ခြင်း မမည်တော့ပါပေ။ ထို့ကြောင့် ပါရမီကုသိုလ်မှန်သမျှကို “မိုးရွာတုန်းရေခံ၊ လသာတုန်း ဗိုင်းငင်”ဆိုသလို အပတ် တကုတ်ကြိုးစားအားထုတ်သင့်ပေသည်။ ၀ီရိယဟူ၍ ဆိုလိုက်သည်နှင့် ထကြွလုံ့လ သွားလာ လှုပ်ရှားနေခြင်း ကိုပင် ခေါ်ဆိုခြင်း မဟုတ်ပေ။ ၀ီရိယနှစ်ပါးရှိရာတွင် စိတ်ဝီရိယနှင့် ကိုယ်ဝီရိယတို့ဖြစ်ကြ၏။ ထိုနှစ်ပါးတွင် စိတ်ဝီရိယက အဓိကကျ၍ ဦးဆောင်နေခြင်းဖြစ်သည်။ မလျှော့သောဇွဲ၊ လုံ့လ စသည်တို့သည် စိတ်ဝီရိယဖြစ်၏။ ကုန်းဘောင်ခေတ်တုန်းက ဦးကျည်ပွေ့ကို လူတိုင်းကြားဖူးကြပေသည်။ ထိုဆရာတော်ကြီးသည် အသက်ခြောက်ဆယ်၊ ၀ါတော်လေးဆယ်ခန့်အထိ စာပြီးအိပ်နေ ဘိက္ခဝေ ဆိုသကဲ့သို့ ရဟန်းသီလကိုသာ စောင့်ထိန်းပါသော်လည်း စာပေပရိယတ္တိ ဘာတစ်ခုမှ မသင်ကြားခဲ့ပေ။ တစ်နေ့တွင် ကျောင်းဆောင် လေသာပြူတင်းပေါက်မှ ကိုယ်တိုင်နေ့စဉ်စွန့်ပစ်ခဲ့သည့် ဒန်ပူ (သွားကြားထိုးတံ)တို့ မြေပြင်၌ အပုံကြီးဖြစ်နေသည်ကိုမြင်ပြီး သတိတရားဝင်သွားသည်မှာ “ယခင်ကတည်းက စာပေပရိယတ္တိကို ဤဒန်ပူလေးတွေကဲ့သို့ နေ့စဉ်နည်းနည်းခြင်း ကြိုးစားကျက်မှတ်ခဲ့ပါလျှင် ယခုအခါ၌ ပိဋကတ်သုံးပုံကို အလွတ်ရေးနိုင်ပြီး အာဂုံနှုတ်တက်ပင် ဆောင်နိုင်နေပေမည်” ဟူ၍ စဉ်းစားမိလေသည်။ သို့သော် “ဤယနေ့မှစ၍ အပတ်တကုတ် လေ့လာကြိုးစားပါလျှင်လည်း ရနိုင်သေးသည်”ဟူ၍ သတိသံဝေဂ နှိုးဆွသည့်အတွက် ရှင်ဘုရင်ထံသွားကာ ပရိယတ္တိ သင်ကြားတော့မည်ဆိုသည့်အကြောင်း မိန့်ကြားရာတွင် ဘုရင်က “ကျည်ပွေ့ အတက်ပေါက်မှ ဒီတစ်သက် အရှင်ဘုရား စာတတ်မြောက်နိုင်ပါလိမ့်မည်” ဟူ၍ ပြန်လည်လျှောက်ထား လိုက်ခြင်းကို ခံလိုက်ရခြင်းကြောင့် ဆရာတော်ကြီး၏ ထက်သန်ပြင်းပြနေသော ၀ီရိယတရား ကို နှစ်ဆတိုးမြှင့်ပေးလိုက်သကဲ့သို့ ဖြစ်ကာ ဆရာတော်ကြီးသည် ပရိယတ္တိကို အစွမ်းကုန်ကြိုးစား အားထုတ်လေတော့၏။ များမကြာမီ ကာလတွင် ဆရာတော်ကြီးသည် ကျည်ပွေ့၌ သစ်ရွက်သစ်ခက်လေးများ ချည်နှောင်ကာ ကျည်ပွေ့တွင် အတက်ပေါက်နေပြီဖြစ်ကြောင်း ရှင်ဘုရင်ကို ပြသလိုက်ရာ ရှင်ဘုရင်က စာပေပရိယတ္တိ မေးမြန်းခြင်းများစီစဉ်ပြီး စာမေးပွဲစစ်သည်တွင် မေးခွန်းမဆုံးခင် အဖြေကို ဒိုးဒိုးဒေါက်ဒေါက် ခြင်္သေ့ဟောက်သကဲ့သို့ မေးခွန်းမှန်သမျှ မကြောက်တော့သည့် အသွင်ဖြင့် ဖြေကြားတော်မူနိုင်လေသည်။ မဖြေကြားနိုင်သောမေးခွန်း မရှိခဲ့ချေ။ ဤတွင် ပိဋကတ် သုံးပုံ နှံ့စပ်တော်မူသော ဆရာတော်ကြီးအဖြစ် ဘွဲ့တံဆိပ်များရရှိပြီး ကုန်းဘောင်ခေတ် တွင် ကျော်ကြားခဲ့ကာ ယနေ့တိုင်လည်း ဆရာတော်ဦးကျည်ပွေ့ဟူ၍ မြန်မာတို့ အမှတ်ရနေကာ ကလေးတို့ စာကြိုးစားကြဖို့ ဦးကျည်ပွေ့စံထားကာ ဆုံးမပြောကြား နေကြရပေသည်။ ၀ီရိယတရား ထက်သန်သူသည် လမ်းမှန်လျှောက်က ချမ်းသာပြီး လမ်းမှားကို လျှောက်ပါက ဆင်းရဲရပေသည်။ ထို့ကြောင့် လမ်းမှန်ကိုသွား၊ လမ်းမများ၊ လမ်းမှားမလိုက်မိရန် ၀ီရိယထက်သန်သူအတွက် အမြဲသတိချပ်ရမည့် တရားဖြစ်ပေ၏။ “တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေးမလဲ” ဆိုသော်လည်း ပုဂံကို ကျောခိုင်းပြေးနေပါက ပုဂံကိုရောက်လိမ့်မည် မဟုတ်ပေ။ အပြေးသန်လေလေ ကြာလာလေလေ ဆန့်ကျင်ဘက်အဝေးသို.့ ရောက်လေလေ ဖြစ်နေမည်။ ထို့ကြောင့် လှေတွင် လိုရာထိန်းပေးသည့် ပဲ့ကဲ့သို့ ဘ၀မှာ လမ်းမှန်လျှောက်နိုင်အောင် ပညာတည်းဟူသော ပဲ့ဖြင့် အမြဲထိန်းကျောင်းရပေမည်။ စာရှုသူဓမ္မမိတ်ဆွေအပေါင်းတို့သည် လောကီ၊ လောကုတ် နှစ်ဖြာအလုပ်ဖြင့် အစွမ်းကုန်ကြိုးစားအားထုတ်ကြကာ လမ်းမှန်ရန်အတွက် ပညာဖြင့် အစဉ်ထိန်းချုပ်၍ နိဗ္ဗာန်နှင့်မလွဲ သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းနိုင်ကြပါစေကြောင်: ဆုမွန်ကောင်းတောင်းရင်း ဤဓမ္မဆောင်းပါးဖြင့် ကျေးဇူးပြုလိုက်ရပါသည်။ ကောင်းမှုလုပ်တာ မင်္ဂလာ “နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” “ကုသိုလ်ကောင်းမှုပြုလုပ်တယ်ဆိုတာ မင်္ဂလာတရားတော်နဲ့ညီညွတ်တဲ့ လုပ်ဆောင်မှုပဲဖြစ်ပါ တယ်။ ကောင်းမှုလုပ်နေတဲ့အချိန်ဟာ မင်္ဂလာရှိတဲ့အချိန်ပဲဖြစ်ပါတယ်။ ကောင်းမှုပြုလုပ်နေချိန်မှာ ဘုရားရှင်တိုင်းဟောကြားဆုံးမတော်မူတဲ့ အဆုံးအမနဲ့ ကိုက်ညီတဲ့အချိန်ဖြစ်တယ်။ - မကောင်းမှုမှန်သမျှ ဘာတစ်ခုမျှ မလုပ်ကြနဲ့။ အဝေးကရှောင်ကြဉ်ကြ။ - ကောင်းမှုမှန်သမျှ ပြုလုပ်ကြ။ - မိမိစိတ်ကို အမြဲတမ်း ဖြူစင်အောင်ထားကြ။ (မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား) ဆိုတဲ့ဘုရားရှင်တိုင်းရဲ့ အဆုံးအမတရားတော်နဲ့ ကိုက်ညီနေတယ်။ ဒါကြောင့် မင်္ဂလာနဲ့ ပြည့်စုံနေတယ်လို့ ဆိုလိုခြင်းဖြစ်ပါ တယ်။ ပြီးတော့ ဗုဒ္ဓဘာသာဝင်တို့အနေနဲ့ မိမိတို့ကိုးကွယ်ဆည်းကပ်ကြတဲ့ ဘုရား၊ တရား သံဃာဟာ ကိုးကွယ်ယုံကြည်ထိုက်တဲ့ ဘယ်လို အရည်အချင်းတွေနဲ့ပြည့်စုံတော်မူတယ်ဆိုတာကိုလည်း သိထားရမယ်။ အပေါ်ယံ ယုံကြည်မှုမျိုးမဟုတ်ဘဲ အမှန်တကယ် ဉာဏ်နဲ့သိပြီး ယုံကြည်မှုမျိုးဖြစ်နေတော့ ပိုပြီးလေးနက် မှုရှိသလို ပါရမီကိုလည်း အလျင်အမြန်ပြည့်နိုင်ပါတယ်။ ဘုရား၊ တရား၊ သံဃာတို့ရဲ့ ယုံကြည်ထိုက်တဲ့ အရည်အချင်းတွေ၊ ဂုဏ်တော်တွေ အများကြီးရှိတဲ့အထဲက အနည်းငယ် ဟောကြားလိုပါတယ်။ ဘုရားဂုဏ်တော် ဘုရားရှင်ရဲ့ဂုဏ်တော်ကို ဟောကြားရေးသားလို့ မကုန်နိုင်ဘူး။ ဂုဏ်တော်အနန္တနဲ့ပြည့်စုံတော်မူတယ်။ ဂုဏ်တော်အပေါင်းကို ဟောကြားရင်း၊ ရေးသားရင်းသာ သက်တမ်းကုန်သွားမယ်၊ ဘုရားရှင်ရဲ့ဂုဏ်တော် ကတော့ မကုန်နိုင်ပါဘူး။ အခု ဘုရားဂုဏ်တော် ၉ ပါးဟာ ကြည်ညိုသဒ္ဓါတရားတိုးပွါးနိုင်တဲ့၊ သိသာမြင်သာ လွယ်တေဲ့ အနှစ်ထုတ်ထားတဲ့ ဂုဏ်တော် အနည်းငယ် သာဖြစ်ပါတယ်။ အဲဒီဂုဏ်တော် ၉ပါးထဲက အရဟံ- ကိလေသာရန်အပေါင်းကို အောင်နိုင်တော်မူသောမြတ်စွာဘုရား။ ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုမှန် သမျှ ကို ပြုတော်မမူသောမြတ်စွာဘုရား။ ဒါကြောင့်မို့ ပူဇော်အထူးကို ခံယူတော်မူ ထိုက်သော မြတ်စွာဘုရား။ ပုထုဇဉ်တွေအနေနဲ့ ကိလေသာတွေကလည်းထူပြော၊ သူများရှေ့မှာကျတစ်မျိုး၊ ကွယ်ရာကျတစ်မျိုး၊ စိတ်တွေက အမျိုးမျိုးအဖုံဖုံ၊ ဟန်ဆောင်မှုတွေ အပြည့်နဲ့မဟုတ်လား။ ဒါကြောင့်မို့ ဒီဂုဏ်တော်တစ်ခုနဲ့တင် ကြည်ညို ထိုက်နေပါပြီ။ ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့မရအောင် သာလွန်မြင့်မြတ်တော် မူပါတယ်။ ဒါက ဘုရားဖြစ်ပြီးလို့ ကြည်ညိုထိုက်တယ်ဆိုတာ မထူးခြားသေးဘူး။ ဘုရားလောင်းကတည်းက စိတ်ဓာတ်က အလွန် မြင့်မြတ်တော်မူပါတယ်။ သုမေဓာရှင်ရသေ့ဘ၀ ကုဋေ ၈၀ ကြွယ်ဝချမ်းသာတာတွေကို မိဘဘိုးဘွားတွေထားခဲ့ပေလည်း ခင်တွယ် မနေဘူး။ အကုန်လုံးကို စွန့်လွှတ်ပြီး ရသေ့ပြုပါတယ်။ သာမန်ပုဂ္ဂိုလ်တွေအနေနဲ့ ရထားတာတွေကို စွန့်လွှတ်ဖို့ မပြောနဲ့ ရချင်လွန်းလို့ သေဘေးကို မတွေးနိုင်ဘဲ ရှာဖွေနေကြတာမဟုတ်လား။ ဥစ္စာပစ္စည်းတွေ ဆုံးရှုံးတာနဲ့ရင်ဆိုင်ရရင် တချို့ရူးသွားကြတယ်။ မစွန့်လွှတ်နိုင်လို့လေ။ ဘုရား အလောင်းတော်များကျတော့ အားလုံးကိုစွန့်လွှတ်နိုင်တာဟာ ဘယ်လောက်ကြည်ညိုစရာ ကောင်းလိုက်သလဲ။ နောက်ပြီး အဲဒီဘ၀မှာ ပါရမီ တရားတွေက ပြည့်နေပြီတဲ့။ တခဏလေးအားထုတ်လိုက်တာနဲ့ ရဟန္တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဘိဉာဉ် နဲ့ ဝေနေယျသတ္တ၀ါတွေ လမ်းမှားပြီး သံသရာမှာ တ၀ဲလည်လည်နဲ့ ကျင်လည်နေကြတာကို မြင်တော်မူတော့ လွန်စွာ သနားကရုဏာဖြစ်တော်မူပါတယ်။ - သစ္စာလေးပါးတရားတော်ကို ငါသိသလို သတ္တ၀ါအများကို သိစေရမယ်။ - ငါသံသရာမှလွတ်မြောက်သလို သတ္တ၀ါအများကို လွတ်မြောက်စေရမယ်။ - ငါသံသရာမှကူးမြောက်သလို သတ္တ၀ါးအများလည်း ကူးမြောက်စေရမယ်။ ဆိုပြီး သတ္တ၀ါအများအတွက် လက်ရှိဘ၀မှာ သံသရာမှလွတ်မြောက်နိုင်ပါလျက် အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရောက်အောင် အားမထုတ် တော့ဘဲ ဘုရားဆုကိုပန်တော်မူပါတယ်။ သတ္တအများကို သနားငဲ့ညှာတဲ့ မဟာကရုဏာတော်ကြောင့် ဘ၀ပေါင်း လေးအသင်္ချေနဲ့ကမ္ဘာ တစ်သိန်းကြာအောင် ကိုယ်ကျိုးစွန့်အနစ်နာ ခံခဲ့တယ်။ သူတစ်ပါးကိုသာ ဦးစားပေးတော်မူတယ်။ ကျင့်တဲ့နေရာမှာ- - လောကအတွက်ကျင့်တော်မူတယ်။ - ပြီးတော့ ဆွေမျိုးအတွက်ကျင့်တော်မူတယ်။ - မိမိဘုရားဖြစ်ဖို့ ကျင့်တော်မူတယ်။ လောကကို ဦးစားပေးပါတယ်။ သူတစ်ပါးအကျိုးကိုသာ အစဉ်အမြဲ ဦးစားပေးတယ်။ ကိုယ့်ကျိုးကို စွန့်လွှတ်နိုင်တယ်။ ဘယ်လောက် ကြည်ညိုစရာကောင်းလိုက်သလဲ။ ဒီစိတ်ထားတွေဟာ အလောင်းတော်ဘ၀ ကတည်းက ထားနိုင်ခဲ့တဲ့စိတ်ထားတွေ။ ဘုရားဖြစ်တဲ့အခါမှာ သူတစ်ပါးအကျိုးအတွက် အားထုတ်တော်မူ တဲ့နေရာမှာ တုနှိုင်းမဲ့ဖြစ်ပါတယ်။ ဘုရားဖြစ်ပြီး ၄၅ ၀ါကာလပတ်လုံး တစ်နေ့ ၂၄ နာရီမှာ ၁ နာရီ ၁၅ မိနစ်ခန့်သာ အနားယူတော်မူတယ်။ ကျန်တဲ့အချိန်မှာ သံသရာမှလွတ်မြောက်ကြောင်းတရားကို လူ၊ နတ်၊ ဗြဟ္မာတို့ကို နေ့စဉ် ဟောကြားဆုံးမတော်မူတယ်။ ပရိနိဗ္ဗာန်ပြုခါနီးအထိ သတိတရားဖြင့် နေရစ်ခဲ့ကြရန်နဲ့ သံသရာလွတ်မြောက်ဖို့ရန် သတိတရား အရေးကြီးကြောင်းကို ဆုံးမထားရစ်ခဲ့ပါတယ်။ ပရဟိတလုပ်တဲ့နေရာမှာ အနှိုင်းမဲ့ပုဂ္ဂိုလ်ပါပဲ။ ဒါကြောင့် သူတစ်ပါးအကျိုး ပရဟိတ ဆောင်ရွက် ကြတယ်ဆိုတာ ဘုရားလောင်းကျင့်စဉ်၊ ဘုရားရှင်ကိုယ်တော်မြတ် ကြီး နှစ်သက်တော်မူတဲ့၊ လမ်းပြတော်မူတဲ့ ကျင့်စဉ်ပါပဲ။ တရားဂုဏ်တော် တရားဂုဏ်တော် ၆ ပါးထဲမှာ အခုကျင့်လျှင် အခုရတဲ့ဂုဏ်တော်ပါတယ်။ ကုသိုလ်ကောင်းမှုကျင့်နေစဉ်မှာ၊ မကောင်းမှုကို မပြုလုပ်တဲ့ အချိန်မှာ၊ စိတ်ကိုဖြူစင်အောင် ထားနေချိန်မှာ စိတ်ဟာ အေးချမ်းနေတယ်။ ငြိမ်းချမ်းနေတယ်။ အခါကို မလင့်ဘဲ ချက်ချင်းကျင့်လျှင် ချက်ချင်းပဲ ရနိုင်တဲ့ အေးချမ်းမှုပဲ။ နိဗ္ဗာန်ချမ်းသာကို ခံစားတဲ့နေရာမှာ ဘုရားရှင်တော်တို့ ရောင့်ရဲတော်မမူကြဘူးလို့ မှတ်သိရတယ်။ ဘယ်လောက်အထိ ရှင်တော်ဘုရားများ နိဗ္ဗာန်ချမ်းသာကို ခံစားတော်မူကြသလဲဆိုရင် တရားစကားများပြောပြီးလို့ နာကြားသူ အပေါင်းက သာဓုခေါ်နေချိန် ခဏလေးတောင် ဖလသမာပတ် ၀င်စားတော်မူပါ တယ်တဲ့။ သေချင်းတရားကို သတ္တ၀ါတိုင်း ကြုံတွေ့ကြရတယ်။ ဆင်းရဲတကာ့ဆင်းရဲဆုံးဟာ သေချင်းတရားပါပဲ။
 သေချင်းတရားမရှိတဲ့ နိဗ္ဗာန်ချမ်းသာဟာ ဘယ်လောက်အထိ ငြိမ်းအေးလိုက်မလဲ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဘုရားဖြစ်ပြီး အလေးအမြတ်ပြုအပ်တဲ့အရာကိုမရှိဘဲနေလို့ မသင့်တော်ကြောင်း သိတော်မူတော့ မိမိသိတဲ့ တရားတော်ကိုပဲ ပြန်ပြီး အလေးအမြတ်ပြုတော်မူရပါတယ်။ ဒကာ၊ ဒကာမတို့အတွက် တရားဂုဏ်တော်အား အလေးအမြတ်ပြု အပ်တယ်၊ ကိုးကွယ်ဆည်းကပ်ထိုက်တယ်ဆိုတာ ဆိုဖွယ်ရာမရှိတော့ဘူး။သံဃာ့ဂုဏ်တော် မိမိကိုးကွယ်ဆည်းကပ်နေကြတဲ့ သံဃာတော်တွေ့ရဲ့ ဂုဏ်တော်တွေကိုလည်း သိထားရပါမယ်။ သံဃာ့ဂုဏ်တော် ၉ ပါးရှိတဲ့ အထဲက အနည်းငယ်ပြောပြပါမယ်။ အခု သာသနာတော် နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပြီ။ ဘုရားဟောကြားခဲ့တဲ့တရားတွေကို မပျောက်ပျက်အောင်၊ ကွယ် မသွားအောင်သံဃာတော်အဆက်ဆက်က
 စောင့်ရှောက်ထိန်းသိမ်းခဲ့ကြတယ်။ ဒါကြောင့်မို့ ဒကာ၊ ဒကာမတို့ ဒီတရားတွေ အခုထိ နားကြားနိုင် နေတာပဲဖြစ်တယ်။ သံဃာတော်တွေသာ မထိန်းသိမ်း မစောင့်ရှောက်ခဲ့ဘူးဆိုရင် ဒီလွတ်မြောက်ကြောင်းတရားတွေကို အခုအချိန်မှာ ဘယ်နာကြားနိုင်ပါ့မလဲ။ ဒါသည်ပင် ကောင်းစွာ ကျင့်ကြံတော်မူကြတဲ့ သံဃာ့ဂုဏ်တော်တစ်ပါးပဲဖြစ်ပါတယ်။ ပြီးတော့ သံဃာတော်တွေ ဟာ ဖြောင့်မတ်စွာကျင့်တော်မူတယ်။ လူတွေလို အပြောတစ်မျိုး၊ အလုပ်တစ်မျိုး ဟန်မဆောင်ရ ဘူး။ ပြောတိုင်းလုပ်ပြီး လုပ်တဲ့အတိုင်းပြောရတဲ့ အကျင့်မြတ်တွေနဲ့ ပြည့်စုံတော်မူကြတယ်။ ဘုရားစကား အဆုံးအမတော်တွေကို သင်္ဂါယနာတင်ခဲ့ကြတဲ့နေရာမှာ ပထမအကြိမ်ကနေ တတိယအကြိမ် အထိ တင်ခဲ့တဲ့အခါမှာ နှုတ်တိုက်အာဂုံဆောင်ခဲ့ကြရတယ်။ နှုတ်တိုက် အဆင့်ဆင့်သင်ပေးခဲ့ကြတယ်။ သင်အံလေ့ကျက်တဲ့ ပရိယတ္တိသာသနာ၊ လက်တွေ့အားထုတ် တဲ့ ပဋိပတ္တိသာသနာ၊ သိမြင်ခံစားတဲ့ ပရိဝေဒသာသနာဆိုတဲ့ သာသနာတော်သုံးပါးကို ဦးဆောင်ဦးရွက် ပြုနေကြတာကြောင့် သံဃာတော် တွေဟာ ကိုးကွယ်ထိုက်တယ်။ ပူဇော်ထိုက်ပေတယ်။ သံဃာတော်တွေရဲ့ လူတွေ့ထက် သာလွန်မြင့်မြတ်တဲ့ အချက်တွေကိုပြောရရင်- ဦးခေါင်းကို တုံးထားခြင်းနှင့် ဖန်ရည်စွန်းသင်္ကန်းဝတ်ဆင်ခြင်းအသွင်။ လူတွေမှာ ဆံပင်မှာအလှတရားဆိုပြီး တသသနဲ့ ဖြီးလိမ်းကြတယ်။ အရောင်အမျိုးမျိုး ချယ်သနေကြတယ်။ ဒီအဆင်းအပေါ်မှာ သာယာတပ်မက်ပြီး စွဲလန်းနေကြတယ်။ ဒီဆံကေသာနဲ့ဆက်နွယ်ပြီး ကိလေသာတရား အလွန်ထူပြောကြတယ်။ လူတွေက အ၀တ်အစားဆိုတော့လည်း လှပတာ၊ နူးညံ့တာ စသဖြင့် ရွေးချယ်ဝတ်ဆင်ကြတယ်။ ဒီပွဲဆိုရင် ဒီအ၀တ်အစားနဲ့၊ ဟိုပွဲကျတော့ ဟိုအ၀တ်အစားနဲ့ အစရှိ သည်ဖြင့် ရွေးချယ်နေကြရ၊ ပြင်ဆင်နေကြရတယ်။ အ၀တ်အစားကြောင်ုပင် ကိလေသာတွေ ထူပြောနေတတ်တယ်။ သံဃာတွေကျတော့ ဦးခေါင်းဆိုတာကလည်း လိမ်းချယ်နေစရာမလိုသလို ဖန်ရည်စွန်းတဲ့ သင်္ကန်းလည်းဖြစ်၊ အပိုင်းပိုင်းတွေကို ဆက်စပ်ထား တဲ့ ချုပ်ရိုးကြောင်းတွေနဲ့ဆိုတော့ တွယ်မက်စရာ အလွန်နည်းတယ်။ ပြီးတော့ သင်္ကန်းကို အဟတ္တဓဇလို့ ခေါ်တယ်။ အရတ္တဖိုလ်ဆိုက်ရောက်တဲ့ပုဂ္ဂိုလ်အတွက် သင်္ကန်းကခံထားနိုင်တယ်။ လူဝတ်ကြောင်တစ်ဦး အဟတ္တဖိုလ် ဆိုက်ရောက်လို့ရှိရင် လူ့ အ၀တ်အစားတွေက မခံနိုင်လို့ အလျင်အမြန်ပဲ ပရိနိဗ္ဗာန်ပြုရတယ်။ သံဃာတော်တွေကျတော့ အရဟတ္တဖိုလ်ဆိုက်လည်း သက်တမ်းကုန် အောင်နေနိုင်တယ်။ ဦးပြည်းတုံးထား တာနဲ့ သင်္ကန်းဆင်မြန်းထားတဲ့အသွင်နဲ့တင် လူတွေထက် သာလွန်မြင့်မြတ်တယ်လို့ ဘုရားရှင် ဟောကြား ထားတော်မူပါတယ်။အနာဂါမ်လူဝတ်ကြောင်နဲ့ယနေ့မှဝတ်တဲ့ ကိုရင်၊ ရဟန်း။ လူဝတ်ကြောင်က အနာဂါမ်ပုဂ္ဂိုလ်ဖြစ်လင့်ကစား ယနေ့မှဝတ်တဲ့ ကိုရင်လေးကိုပင် ရှိခိုးထိုက်တယ်။ ပူဇော်ထိုက်တယ်။ အရိုအသေပေးရတယ်။ အလေးအမြတ်ပြုရတယ်။ မြင့်မြတ်တဲ့နေရာမှာထိုင်ပြီး အနာဂါမ်လူဝတ်ကြောင် ပုဂ္ဂိုလ်ရဲ့ အရိုအသေးပေးခြင်း ကို ခံယူထိုက်ပေတယ်။ ကိုရင်က အရိယာလူဝတ်ကြောင်ကို ပြန်ပြီး ရှိခိုးဦးချ စရာမလိုဘူး။ ထေကြီးဝါကြီး သံဃာတော်အစုအဝေးထဲမှာ ကိုရင်လေးက ၀င်ရောက်ပြီး ထိုင်လို့ရတယ်။ လူဝတ်ကြောင်အနာဂါမ်ပုဂ္ဂိုလ်က သံဃာတော်များကြားမှာ၊ မြင့်မြတ်တဲ့နေရာမှာ ၀င်ပြီးနေရာယူလို့မရဘူး။ သံဃာ့ဥပုသ်။ သံဃာတော်များဟာ ၁၅ ရက်တစ်ကြိမ် သိမ်ထဲမှာ ဥပုသ်ပြုတဲ့အခါ သြ၀ါဒ ပါတိမောက်ဒေသနာကို နာကြားခွင့်ရှိတယ်။ လူတွေမှာ အဲဒီလိုမျိုး ဥပုသ်ပြု သြ၀ါဒပါတိမောက်ဒေသနာကို နာကြားရတာမျိုးမရှိဘူး။ ပြီးတော့ ရဟန်းတော်များ စောင့်ထိန်းတော်မူရတဲ့ သီလတော်များဟာ အကျဉ်းအားဖြင့် ၂၂၇ ပါး၊ အကျယ်အားဖြင့် ကုဋေ ၉ ထောင်ကျော်သော သီလတော်မြတ် တို့ကို စောင့်ထိန်းကြရပြီး လူတွေကဲ့သို့ သာမန်ဆောက်တည်ထားတာမျိုးမဟုတ်ဘဲ အလေးအနက် ထားပြီး ဆောက်တည်ရတာမျိုးဖြစ်ပါတယ်။ ဘုရားရှင်ကိုယ်တော် ရဲ့ အာဏာဒေသနာတော်ကို မပျက်မကွက် လိုက်နာရတာမျိုးဖြစ်ပါတယ်။ အနုပည့်ညတ်ချက်တွေကိုလည်း အချင်းချင်းဒေသနာ ပြန်ကြားကာ အပြစ်ကိုဝန်ခံပြီး နောက်မကျူးလွန်မိအောင် သတိဖြင့်ဆင်ခြင်နေထိုင်ရပါတယ်။ ဒါကြောင့်သီလဂုဏ်အားဖြင့် လည်း လူတွေထက် အလွန်တရာ သာလွန်မြင့်မြတ်တော်မူကြပါတယ်။ ထိုကဲ့သို့ သာလွန်မြင့်မြတ်တဲ့ ဂုဏ်တော်တို့နဲ့ ပြည့်စုံတော်မူကြတဲ့ “ဘုရား၊ တရား၊ သံဃာ”တို့ဟာ တွေ့ကြုံရခဲ့၊ မြင်တွေ့ရခဲတဲ့ လောကုတ္တရာရတနာတော်များပဲဖြစ်ပါတယ်။ ဘုရားပွင့်တဲ့ ကာလနဲ့ကြုံတွေ့ရမှ မြင်တွေ့ကြားသိရတဲ့ ရတနာမြတ်သုံးပါးဖြစ်တယ်။ ဘုရားပွင့်ဖို့ဆိုတာကလည်း ဘုရားပွင့်တဲ့ ကမ္ဘာမှာတောင် တစ်ဆူနဲ့တစ်ဆူကြားမှာ နှစ်အသင်္ချေ ကြာမြင့်တယ်။ ဒါက ဘုရားပွင့်တဲ့ကမ္ဘာမှာ တစ်ဆူနဲ့တစ်ဆူကြား ရေတွက်ကြည့်လို့။ ဘုရားပွင့်တဲ့ကမ္ဘာနဲ့ မပွင့်နဲ့ကမ္ဘာရဲ့ ကြားကာလမှာတော့ ကမ္ဘာများစွာ ခြားတယ်။ အဲဒီဘုရားမပွင့်တဲ့ ကမ္ဘာမှာတော့ သာသနာတော် နေရောင်လရောင် ထွန်းတောက်တဲ့ကာလမျိုးကို ကြုံတွေ့ခွင့်မရှိနိုင်ဘူး။ တစ်ကမ္ဘာ၊ နှစ်ကမ္ဘာလို့ ရေတွက်ရတာ လွယ်ပေမယ့် တစ်ကမ္ဘာရဲ့သက်တမ်းကို နှစ်အရေအတွက် ရေတွက်ဖို့ အလွန်ခက်ခဲပြန်ပါတယ်။ ဥပမာအားဖြင့် ကမ္ဘာသက်တမ်း ကိုတွက်ရလျှင် တစ်ယူဇနာပတ်လည်ရှိတဲ့ လှိုဏ်ခေါင်းထဲမှာ ရွေးစေ့လေး များ ပြည့် ညပ်နေအောင်ရှိနေတယ်။ နှစ်ပေါင်းတစ်ရာပြည့်မှ ရွေးစေ့တစ်လုံးကို ထုတ်ရမယ်။ အဲဒီ လို ရွေးစေ့လေးတွေကို တစ်လုံးတစ်လုံးစီ နှစ်တစ်ရာပြည့်မှ တစ်ခါထုတ်၊ အဲဒီရွေးစေ့လေးတွေသာ ကုန်သွားမယ်၊ တစ်ကမ္ဘာရဲ့သက်တမ်းက မကုန်သေးဘူးလို့ဆိုပါတယ်။ “ရခဲမှ ရတနာ”လို့ဆိုတဲ့အတိုင်း ဘုရား၊ တရား၊ သံဃာဟာ အလွန်မြင်တွေ့ရခဲ၊ ကြားသိရခဲတဲ့ တုနှိုင်းမဲ့ရတနာတွေပဲဖြစ်ပါတယ်။ ဘုရား၊ တရား၊ သံဃာတို့ကို့ ကိုးကွယ်ဆည်းကပ်ခြင်း သရဂုံသုံးပါးဆောက်တည်ပြီး ငါးပါးသော သီလတော်မြတ်တို့ကို မကျိုးမပေါက် အောင် ထိန်းသိမ်းစောင့်ရှောက်ကြကာ အလိုရှိအပ်တောင့်တ အပ်တဲ့ မြတ်နိဗ္ဗာန်ကို ရလွယ်ရောက်လွယ်၊ မျက်မှောက်ပြုလွယ်တဲ့ သူတော်ကောင်း၊ သူတော်မြတ် များ ဖြစ်ကြပါစေ။” တရားချစ်ခင်သူတော်စင်များအားလုံး လောကီ၊ လောကုတ် နှစ်ဖြာချမ်းသာကြီးပွါးကြောင်းတရားတို့ကို ကြိုးစားအားထုတ်ပြီး နိဗ္ဗာန်သို့ လျှင်မြန်စောစွာ မျက်မှောက်ပြုနိုင်ကြပါစေ။ (ဣဒံ မေ ပုညံ၊ အသ၀က္ခယံ ၀ဟံ ဟောတု။) မာရ်နတ်၏ ပထမစစ်တပ် “နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” မာရ်နတ်ဟု ဆိုလိုက်သည်နှင့် အဖျက်သမား၊ အဖျက်တရားဟူ၍ ဗုဒ္ဗဘာသာဝင်တို့ ချက်ခြင်း သိကြ၏။ မာရ်ဆိုသည်မှာ “မာရ”ဟူသော ပဠိမှ ဆင်းသက်လာသည့် ပါဠိသက် မြန်မာဝေါဟာ ရဖြစ် ၏။ သေတတ် သည့်သဘော၊ သေအောင်သတ်တတ်သည့်သဘောကို မာရ(မာရ်)ဟု ခေါ်ပေသည်။ လူကိုသတ်သည့် မာရ်ကို လူသတ်သမား၊ စိတ်ကိုသတ်သည့်မာရ်ကို စိတ်သတ် သမား ဟု ခေါ်နိုင်ပေသည်။ လူကိုလည်း သတ်၊ စိတ်ကိုလည်းသတ်သည့်မာရ်က ငါးပါးရှိရာ ၎င်းတို့မှာ ဒေ၀ပုတ္တမာရ်၊ ကိလေသာမာရ်၊ အဘိသင်္ခါရမာရ်၊ ခန္ဓမာရ်နှင့် မစ္စုမာရ်တို့ဖြစ်ကြ၏။ ဒေ၀ပုတ္တမာရ်ဆိုသည်မှာ အားလုံးသိကြသော နတ်ပြည်ခြောက်ထပ်၏ အထက်ဆုံးနတ်ပြည် ဖြစ်သည့် ပရနိမ္မိတ၀ဿဝတီနတ်ပြည်ရှိ မာရ်နတ်သား ပင်ဖြစ်သည်။ ၎င်းမာရ်နတ်သည် ရဟန်းပုဂ္ဂိုလ် လူထိုထိုကို သံသရာပြတ်ကြောင်း အလုပ်လုပ်ပြီဆိုသည်နှင့် ထိုပုဂ္ဂိုလ်ကို ယင်းအလုပ်မအောင်မြင်အောင်
 နှောင့်ယှက်ဖျက်ဆီးလေတော့၏။ သူ့နှောင့်ယှက် မှု အောင်မြင်သွားလျှင် ထိုသူဘ၀များစွာ သေရတော့ မည်ဖြစ်သောကြောင့် မာရ်နတ်ကို “မာရ=မာရ်=သတ်ဖြတ်သူ၊ ညှဉ်းပန်းနှိပ်စက်သူ”ဟု ခေါ်ပေသည်။ မာရ်နတ်မင်းကြီး ဘယ်လောက်များဆိုး လိုက်ပုံကိုပြောရလျှင် ဂေါတမမြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသား တရားအား ထုတ်ရန် တောထွက်ချိန်တွင် “ခုနစ်ရက်ကြာလျှင် စကြာမင်းကြီး ဖြစ်ရ ပါတော့မယ်။ ယခုလို ငယ်ရည်ငယ်သွေးအချိန်ဟာ ကာမဂုဏ်ကောင်းများ မြိန့်မြိန့်ကြီး ခံစားရမယ့်အချိန်ပါ။ တရားရှာတယ်ဆိုတာ အိုမင်းရင့်ရော်မှသာ ရှာတာပါ မင်းသား၊ နောက်ကြောင်းပြန် လှည့်ပါ။ တော မထွက်ပါနဲ့“ဟူ၍ သွေးဆောင်ခဲ့လေသည်။ အလောင်းတော် ဘုရားဖြစ်ခါနီးအချိန်တွင်လည်း ဖန်ဆင်း ထားသော တပ်မတစ်ထောင်တို့ဖြင့် ဘုရားအလောင်းတော် အား ကြောက်မက်ဖွယ်ကောင်းစွာ တိုက်ခိုက် ခဲ့လေသည်။ ဘုရားဖြစ်စ အချိန်တွင်လည်း “အရှင်ဘုရား နိဗ္ဗာန်လိုချင်တာ ရနေပြီပဲ။ တခြားသူတွေကို တရားတွေ လိုက်ဟောမနေပါနဲ့။ ပရိနိဗ္ဗာန်ပြုတော်မူပါ။”ဟူ၍ ဘုရားရှင်အား လျှောက်ကြားခဲ့ပြန်လေ သည်။ ကိလေသာမာရ်ဆိုသည်မှာ စိတ်ဆိုးစိတ်ညစ် ကိလေသာစိတ်များဖြစ်ပြီး ခန္ဓမာရ်က သေခြင်းဖြင့် အဆုံးသတ်သည့် ရုပ်ခန္ဓာကိုယ်၊ မစ္စုမာရ်က သတ္တ၀ါအားလုံး၏ အဆုံးဖြစ်သော သေခြင်းတရား၊ အဘိသင်္ခါရမာရ်က ကုသိုလ်၊ အကုသိုလ်ကံရားများ ဖြစ်ကြလေသည်။ ဒေ၀ပုတ္တမာရ်နတ်ကလည်း သတ္တ၀ါတို့ နိဗ္ဗာန်နှင့်ဝေးအောင် သွေးဆောင်ဖြားယောင်းနေသလို သတ္တ၀ါတို့၏ အတွင်းအဇ္ဈတ္တသဘော (မကောင်းမှု၌ သာ မွေ့လျော်ပျော်ပိုက်လေ့ရှိသည့် မနောစိတ် ကိလေ သာမာရ်) ကလည်း နိဗ္ဗာန်ကို မမြင်ရအောင် အမြဲပင် ကားဆီးနေပေသည်။ ၀ဲသြဃ သံသရာမှာ ရည်မှန်းချက်မပါဘဲ ကျင်လည်နေကြရသည်သာ များလေသည်။ သတ္တ၀ါအများကို ထာဝရအေးချမ်းရာ နိဗ္ဗာန်သုခ မခံစားနိုင်အောင် ကားဆီးထားသည့် မာရ်နတ်၏စစ်တပ်ကြီးများမှာ အလွန်အင်အားတောင့် တင်းပေ၏။ တပ်မကြီးများသဖွယ် ခိုင်မာတောင့်တင်းပြီး တရားအားထုတ်သည့်ယောဂီ၌ “သဒ္ဓါ၊ သတိ။ သမာဓိ၊ ၀ီရိယ၊ ပညာ” ဟူသော နိဗ္ဗာန်ရရှိရေး တိုက်ခိုက်ကြသည့် ဗိုလ်ငါးပါး အင်အား မတောင့်တင်းပါက မာရ်နတ်၏ တပ်မကြီးများကို ကျော်လွှားနိုင်မည်မဟုတ်ပေ။ မာရ်နတ်၏ ဤတပ်မကြီးများကို ဗိုလ်ငါးပါးဖြင့် အားထုတ်ကြိုး ပမ်းနေသည့် ယောဂီပင်လျှင် ကျော်လွှားနိုင်ရန် အထူးသတိရှိရသည်ဖြစ်ရာ တရားကို မယုံကြည်၊ ခန္ဓာကို အတ္တဖြင့်မှီ၍ သတိ၊ သမာဓိ၊ ၀ီရိယတရားတို့ကင်းနေသော အန္ဓပုထုဇဉ်တို့ကား မာရ်နတ်၏တပ်မကြီးများကို ရန်သူဟုပင် မမြင်နိုင်တော့ဘဲ မိမိ၏မိတ်ဆွေ အပေါင်းအဖော်များအဖြစ် မှတ်ယူနေ တတ်ကြလေသည်။ရန်သူကို မိတ်ဆွေ အမှတ်ဖြင့် ပေါင်းဖော်မိသူမှာ မိမိပေါင်းဖော်မိသော ရန်သူ၏သတ်ခြင်းကို ခံရသလို ဘ၀များစွာ အကြိမ်ကြိမ် သေပွဲဝင်ခဲ့ကြရသည့် ပုထုဇဉ်၏အဖြစ်ကား စက်ဆုတ်ဖွယ်ရာဖြစ်ချေသည်။ “ငါးအာရုံအင်အစု၊ ခင်မှုနှင့်နေ့ကုန်၊ နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း၊ ပါယ်လေးဝ သောက ဘုံမှာ၊ မျောရရုံ ရှိတော့ခမန်း”ဆိုသည့် ကျေးဇူးတော်ရှင် လယ်တီဆရာတော် ဘုရားကြီး အဆုံးအမအတိုင်း ငါးပါးအာရုံ ကာမဂုဏ်တို့ကို တဏှာဖြင့် ရစ်ပတ်နှောင်ဖွဲ့၍ မောဟအမှောင်ထုအောက်မှာ
 ပျော်တပြုံးပြုံး မော်မဆုံးနိုင် သည့် ပုထုဇဉ်၏အဖြစ်ကား မျက်ကန်းလမ်းလျှောက်နေသူပမာဖြစ်တော့၏။ ပုထုဇဉ်တို့မှာ အဆင်းလှတော့ ကြည့်လိုချင်၊ အသံသာတော့ နားဆင်ချင်၊ အနံ့မွှေးမူ နမ်းရှူချင်၊ အရသာကောင်းမှ စားလိုလှ၍ အတွေ့ အထိ ကောင်းကောင်းတွင် လဲလျောင်းမွေ့လျော်ချင်သည့်
 လောဘ၏စေခိုင်းရာအတိုင်း အာရုံခေါ်ရာ နောက်သာ လိုက်နေကြပြီး သေနေ့ကိုမေ့ထားကာ သတိတရားတွေပါး ပါရမီကုသိုလ်တရားဆို နားဖြင့်ပင် မကြားလိုချင်အောင် ကားဆီး၍ထားနေသည့် မာရ်နတ်၏ပထမစစ်တပ်ကြီးမှာ ကာမဂုဏ်ငါးပါး ကာမဂုဏ်တရားတို့ ဖြစ်ကြလေသည်။ “လှတာမက်တော့ ညစာခက်”ဆိုသလို လှတာလေးတွေ ၀တ်ချင်ကြလို့၊ လှတာလေးတွေ ကြည့်ချင်ကြလို့၊ လှနေတာချင်း ပြိုင်ချင်နေကြလို့ အလှကုန် ပစ္စည်းတွေ လည်း ဈေးတက်လို့ နေကြကုန်ပြီ။ မည်မျှပင်တက်နေပါစေ ညစာသာအခက်ခံကြမည်၊ အလှတွေကိုတော့ ဆန့်ကျင်ဘက် မလုပ်နိုင်ကြပေ။ မိန်းကလေးအချို့မှာလည်း အဆင်းကလေး လှနေပါကြောင်း အချင်းချင်း ပြလိုနေကြ ၍ ကျောက်ခေတ်က လူသားပမာ လုံလုံခြုံခြုံဝတ်နိုင်ပါသော်လည်း အသား ကို လေတိုးခံနေကြတော့၏။ မပေါ်ရုံ တမယ် ဖော်နေကြ သည်မှာ ချော်လဲလို့ပင် မတော်ပြီ။ မုဒုလက္ခဏဇာတ်တော်မှာ မိဖုရားကြီး မတော်လို့ ပေါ်တာတောင် အဘိညာဉ် ဈာန်ရသည့် ရသေ့ကြီးမှာ ဈာန်လျှော၍ မြေကြခဲ့ရဖူး၏။ ယခုလို အပြိုင်ဖော်နေကြ သည်တွင် ကိလေသာ စရိုက် နွားနှယ်လိုက်သကဲ့သို့ဖြစ်ကာ မာရ်နတ်မင်း အကြိုက်ဖြစ်တော့၏။ သြော်…ကိလေသာမာရ်နတ်မင်း ရူပါရုံ(အဆင်း)ဖြင့် မသေသေအောင် ဖို့သတ်လို့ နေချေသည်။ အိုအိုအေးဟု ချော့သိပ်မှ အိပ်တတ်သည့် ကလေးအရွယ်မှစ၍ သာယာငြိမ့်ငြောင်းသံစဉ် တို့ကိုသာ နားသောတဆင်လိုခဲ့ကြ၏။ တဏှာဖြင့် တပ်မက်နှောင်ဖွဲ့၍ သောတဖြင့် ငြိမ့်ကာ ငြောင်းလိုသလို အခဲမကျေမှုကိုလည်း ဒေါသဖြင့် ဟစ်ကြပြန်လေသည်။
 မောဟအမှောင် ဖုံးသဖြင့်လည်း ဘာရယ်ညာရယ် မသိ၊ ထကြွကာ ကခုန်ကြပြီး နားသောတ မငြီးနိုင်ကြပေ။ ဒုန်းဒုန်းဒိုင်းဒိုင်း အုန်းအုန်းဂျိုင်းဂျိုင်းသံ ကြားလိုက်ပါလျှင် သောတနားအကူဖြင့် ခန္ဓာကိုယ် စွေ့စွေ့ခုန်အောင် မာန်နတ်မင်းကအရူးထ
 မြူးကြွစေလေသည်။ သာယာငြိမ့်ငြောင်း၊ မသာယာ မငြိမ့်ငြောင်းသော်လည်း သဒ္ဒါရုံ(အသံ) အပေါင်း အဖော်ပြုကာ သံသာရာ လမ်းအဟောင်းမှာ သာ နားသောတ ကိန်းအောင်းမွေ.့ လျော်နေအောင်မာရ်နတ်မင်း သွတ်သွင်းနေချေသည်။ ထုံမွှေးကာကြိုင်သည့်ရနံ့ကိုသာ ဃာန(နှာခေါင်း)က ယိမ်းကာ ယိုင်လေသည်။ မမွှေးမကြိုင် ပုပ်စော် နံပါက ဒေါသဖြင့် ရှူးရှဲထကာ တရွှင်းရွှင်း မှုတ်ထုတ်ပါတော့၏။ ဘယ်ပန်းရနံ့ ညာပန်းရနံ့ဟူ၍ ဃာနက နမ်းမ၀လှကာ ဆံကေသာကိုလည်း သင်းကြိုင်နေမှ၊ မျက်နှာပြင်တွင်လည်း သင်းပျံ့နေမှ၊ ခန္ဓာကိုယ်အကုန်လုံး မွှေးထုံနေမှ ဃာနက သဘောကျ သည်ဖြစ်ရာ ဆံကေသာ၌လည်း စွတ်လိုက် ရသည့် ခေါင်းမွှေးဆီ၊ မျက်နှာပြင်၌လည်း လိမ်းခြယ်လိုက်ရ သည့် ရောင်စုံအမွှေးပန်းချီ၊ တစ်ကိုယ်လုံးတွင်လည်း လိမ်းကျံလိုက်ရ သည့် အမွှေးအလှဆီတို့ဖြင့် လိမ်းခြယ်ကာ သ,နေကြရသည်မှာ မာရ်နတ်မင်း၏ ဂန္ဓာရုံ(အနံ့) သတ်ကွင်းအတွင်း လည်စင်းလို့ ခံနေရချေသည်။ ဇိဝှါဆိုသော လျှာကလည်း ရသတဏှာ အားကြီးလာပါလျှင် တော်ထဲက ကြက်၊ ငှက်၊ ၀ှက် မဆိုထားနှင့် အိမ်ထဲက ခွေး၊ ကြောင်တို့ကိုပင် သတ်စားဖို့ ၀န်မလေး တတ်ချေ။ ရှေးအခါက နွားသတ်သမားတစ်ဦးသည် အမဲသားမပါလျှင် ထမင်းမစားတတ်သူဖြစ်ရာ တစ်နေ့သ၌ အမဲသားဟင်း မပါ၍ နောက်နေ့သတ်မည့်နွားကို အရှင်လတ်လတ် လျှာကိုဖြတ်ပြီး ကြော်ချက် စားသောက်မိခြင်းကြောင့် ပထမဇော
 စေတနာ အကျိုးပေး သဖြင့် စားနေဆဲ ထမင်းပန်းကန် ထဲသို့ သူ၏လျှာ ပြတ်ကျသေဆုံးကာ အ၀ိစိသို့ ကျရောက်ခဲ့ရလေသည်။ လျှာဆိုသည့်အတိုင်း အရသာကောင်းများကိုသာ ထာဝစဉ်ရှာဖွေနေတော့၏။ စားဖို့လည်းရှာ ရ၊ သောက်ဖို့လည်း ရှာရ၊ မျီးဖို့လည်းရှာနေကြရသည်မှာ လက်နှစ်လုံးခန့်သာရှိသည့် ယင်းလျှာကြောင့်ပါ တကား။ ဝေဒနက္ခန္ဓာနာမ်က ထိုလျှာဖြင့် ကြားခံထားပြီး လာသမျှအရသာကို မြိန်သျှက်လို့ သွားရေကျကာ လည်မြိုမှ အူအတွင်းသို့ သတိဉာဏ်ကင်းစွာ သက်ဆင်းနိုင်ဖို့အရေး မာရ်နတ်မင်းက ရသာရုံ ကြော့ ကွင်းဖြင့် ရစ်ပတ်လို့ ချည်နှောင်နေတော့၏။ ပါးလွှာလှသည့် ကိုယ်ကာယကလည်း အပြင်ဆုံးအလွှာဆိုသည့်အတိုင်း အရင်ဦးဆုံး အထိအတွေ့ရသည့် အရာပီပီ အသိမ်မွေ့ဆုံး နူးညံ့သည့်အရာများကိုသာ ထိတွေ့ခံစားလိုလှ ၏။ ဖောင်းဖောင် အိအိ ပျော့ပျောင်းငြောင်းငြိနေမှ
 နှူးနှတ်ထိသိချင်လှသဖြင့် ယုန်မွေး၊ သိုးမွေး၊ ပိုးမွေးတို့ဖြင့် ပြုလုပ်ထား သည့် အ၀တ်အစား ပျောင်းပျောင်းအိအိများကိုသာ ၀တ်လို လှပေ၏။ ဖြစ်နိုင်ပါက နွေးထွေးနူးညံ့သည့် ကတီပါပြင်သာ ကမ္ဘာတခွင် ခင်းထားလိုလှသည်။ သင်းပျံ့ သည့် ပန်းမွေ့ယာ မှာ နှစ်ကိုယ်မခွါ ချစ်သက်လျာနှင့် တီတီတာတာ စကားတွေပြော ရင်း ထွေးဖက်ကာ အိပ်စက်ပျော်နေအောင် မာရ်နတ် က ဖောဋ္ဌဗ္ဗာ(အထိအတွေ့)အာရုံ ညွတ်ကွင်း ဖြင့် ကိလေသာမှိုင်း ကာချကာ ဉာဏ်အမြင် ကန်းစေပါတော့သည်။ မာရ်နတ်၏တပ်တော်မှာ အမျိုးအဖော် ဆယ်ပါးရှာရာ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ ဟူသော ကာမဂုဏ် ငါးပါးဖြင့် ဖြားယောင်းသွေးဆောင်သည့် ပထမတပ်မကြီးသည် ကြီးမားထည်ဝါလှပါ၏။ သတိ ဉာဏ်ခိုင်ခံ့၍ ၀ီရိယကို မဏ္ဍိုင်ပြုကာ သမာဓိနှင့်သဒ္ဓါ အမြဲမခွါဆောင်ထားမှ မာရ်နတ်မင်း ညွတ်ကွင်း က လွတ်ကင်းအောင် အားထုတ်နိုင်ပေမည်။ မြင်ကားမြင်၏, မကြည့်၊ ကြားပါလျှင်လည်း နားမဆင်၊ နံပါမူ လည်း နမ်းမရှူ၊ ကောင်းနေက လည်း မတောင်းတဘဲ ထိနေသော်လည်း တဏှာ ဒိဋ္ဌိတို့ဖြင့် မကပ်ငြိရအောင် ဗိုလ်ငါးပါး မဂ္ဂင်တရားတို့ဖြင့် သတိထား ရှုပွားကြပါကုန်။ ထူထည်းလှသည့် ကိလေသာကို ယခုမကြာ အသိတရားနှင့် ဉာဏ်ဓားဖြင့် အလွှာပါးအောင် အခါခါ ရှုပွားရပါမည်။ ကိလေသာတို့ကို ဒါနဖြင့် လည်း ခွါချ၊ သီလဖြင့်လည်း ကွာကျစေကာ ဘာဝနာဖြင့်လည်း မပြတ်မလပ် အထပ်ထပ် အခါခါ ရှုပွား ကျင့်ကြံရာ၏။ မြင်နေက မြင်သိ၊ ကြားပါက ကြားသိ၊ နံပါက နံသိ၊ စားပါက စားသိ၊ ထိပါက ထိသိ ဟူ၍ ရုပ်နှင့်နာမ် ဖြစ်ပျက်ဟန်ကို သဘောအမှန်ဆိုက်အောင် ယထာဘူတဉာဏ်နှင့် ခဏိက သမာဓိတို့ဖြင့် ထင်ရှားရာတစ်ခုခုသာ ပိုင်နိုင်စွာ ကြည့်ရှုနိုင်ပါ လျှင် ကတဉာဏ် ပြီးစေနိုင်ပေသည်။ စာရှုသူဓမ္မမိတ်ဆွေများ မာရ်နတ်၏ပထမစစ်တပ်ကို ဗိုလ်ငါးပါးမဂ္ဂင် တရားဖြင့် အောင်မြင် စွာ ဖြတ်ကျော်နိုင်ကြရန်အလို့ငှါ သတိတရားဖြစ်စေကြောင်း မိတ်ဆွေကောင်းစေတနာထားပြီး ဤဆောင်း ပါး ရေးသား လိုက်ရပေသည်။ 
(ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု)

August 23, 2014

(Jehovah's Name Exalting the Name of Jesus Christ)

• Jehovah - The Lord - Exodus 6:2-3
• Jehovah-Adon Kal Ha'arets- Lord of Earth -Josh 3:13
•Jehovah-Bara - Lord Creator - Isaiah 40:28
• Jehovah-Chatsahi - Lord my Strength - Psalm 27:1
• Jehovah-Chereb - Lord the Sword - Deut. 33:29
• Jehovah-Eli - Lord my God - Psalm 18:2
• Jehovah-Elyon - Lord Most High - Psalm 38:2
• Jehovah-Gador Milchamah - Mighty in Battle - Ps 24:8
• Jehovah-Ganan - Lord Our Defense - Ps 89:18
• Jehovah-Go'el - Lord My Redeemer - Is. 49:26, 60:16
• Jehovah-Hamelech - Lord King - Psalm 98:6
• Jehovah-Hashopet - Lord My Judge - Judges 11:27 
• Jehovah-Helech 'Olam - Lord King Forever Ps10:16
• Jehovah-Hoshe'ah - Lord Saves - Psalm 20:9 
• Jehovah-Jireh -Provider -Gen. 22:14,IJohn 4:9,Philip 4:19 
• Jehovah-Kabodhi - Lord my Glory - Psalm 3:3 
• Jehovah-Kanna - Lord Jealous - Ex 34:14 
• Jehovah-Keren-Yish'i - Horn of Salvation - Ps 18:2 
• Jehovah-M'Kaddesh - Sanctifier - I Corinthians 1:30
• Jehovah-Machsi - Lord my Refuge - Psalm 91:9 
• Jehovah-Magen - Lord my Shield - Deut. 33:29 
• Jehovah-Ma'oz - Lord my Fortress - Jer. 16:19 
• Jehovah-Mephalti - Lord my Deliverer - Psalm 18:2 
• Jehovah-Metshodhathi - Lord my Fortress - Psalm 18:2 
• Jehovah-Misqabbi -Lord my High Tower- Psalm 18:2 
• Jehovah-M'gaddishcem -Lord my Sanctifier - Ex 31:13 
• Jehovah-Naheh -Lord who Smites - Ezekiel 7:9 
• Jehovah-Nissi - Banner -I Chronicles 29:11-13 
• Jehovah-Rohi - Shepherd - Psalm 23 
• Jehovah-Rophe - Healer - Isaiah 53:4,5 
• Jehovah-Sabaoth - Lord of Hosts - I Sam 1:3 
• Jehovah-Sel'i - Lord my Rock - Psalm 18:2 
• Jehovah-Shalom - Peace - Isaiah 9:6, Rom 8:31-35 
• Jehovah-Shammah - Present - Hebrews 13:5 
• Jehovah-Tsidkenu - Righteousness - I Cor 1:30 
• Jehovah-Tsori - Lord my Strength - Psalm 19:14 
• Jehovah-Yasha - Lord my Savior - Isaiah 49:26 
• Jehovah-'Ez-Lami - Lord my Strength - Ps 28:7 
• Jehovah-'Immeku - Lord Is With You - Judges 6:12 
• Jehovah-'Izoa Hakaboth -Lord Strong -Mighty -Ps 24:8
• Jehovah-'Ori - Lord my Light - Psalm 27:1
• Jehovah-'Uzam -Lord Strength in Trouble -Is 49:26